
၁၅.၆.၂၀၂၅
Written By Thandar
MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင်မှု ရရှိလာတဲ့ သရုပ်ဆောင် မြတ်သူသူရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ “Htet Myat Thu” Diamond & Jewellery ဆိုင်ဖွင့်ပွဲကို ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ၉ မိုင် Ocean G-19 မှာ အနုပညာရှင်တွေနဲ့အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
“မြတ်သူ ဒီလုပ်ငန်းကို ပထမနှစ်ကတော့ Online ကနေ ရောင်းချပြီးတော့မှ ခုမှ ဆိုင်ဖွင့်ပွဲဖြစ်တာပါ။ ဒီတစ်နှစ်အတွင်းမှာ ကျောက်မြတ်ရတနာ၊ စိန်ထည်တွေနဲ့ ပတ်သက်ပြီးတော့ သင်ယူခဲ့တယ်။ လေ့လာခဲ့တယ်။ Customer တွေနဲ့ လိုအပ်ချက်တွေကို သေချာလေ့လာပြီး ခေတ်နဲ့အမီ လေ့လာပြင်ဆင်ပြီး ၉ မိုင် Ocean မှာ ဖွင့်လှစ်လိုက်ပါပြီရှင့်။ လာရောက်အားပေးကြပါလို့ပြောချင်ပါတယ်။ မြတ်သူမွေးနေ့မှာ အကိုကလည်း အမှတ်တရအနေနဲ့ ဖွင့်ပေးချင်တာမို့ ဒီနေ့လေးကို ရွေးပြီး ဖွင့်လှစ်ဖြစ်တာပါ။ မြတ်သူမွေးနေ့ အမှတ်တရ ဆိုင်ဖွင့်ပွဲလေးမှာ ၅ ရာခိုင်နှုန်း လျှော့ဈေးတွေ ပေးထားပါတယ်”လို့ သရုပ်ဆောင်မြတ်သူသူက ပြောပါတယ်။

အဆိုပါ ဆိုင်ဖွင့်ပွဲကို အနုပညာရှင်တွေဖြစ်တဲ့ စိန်လင်း၊ ဟန်ထူးဈာန်၊ ဒေါင်းဝေ၊ မေမီကျော်၊ ဆောင်းဝတ်ရည်မေ၊ ဈာဈာန်ဟန်သာ၊ သျှား၊ သွန်းသစ္စာဇော်၊ စိုပြေမြင့် စတဲ့ အနုပညာတွေ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် အနုပညာမောင်နှမတွေနဲ့ အတူ အမှတ်တရမွေးနေ့ကိတ်ခွဲခဲ့ကြပါတယ်။
ဒီဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ယခင် ဇွန်လ ၁၄ ရက် မြတ်သူသူရဲ့ မွေးနေ့တစ်ရက်တည်းသာ ၅ ရာခိုင်နှုန်းလျှော့ဖို့ စီစဉ်ထားပေမယ့် အခုတော့ လာမယ့် ဇွန်လ ၁၆ ရက်အထိ ၅ ရာခိုင်နှုန်းလျှော့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
