MT News

Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းများအနေဖြင့် လက်ရှိတွင် နိုင်ငံတကာခရီးသွား အေဂျင်စီများနှင့် ပြန်လည်ချိတ်ဆက်၍ ခရီးစဉ်များအတွက် ပြန်လည်ပြင်ဆင်နေကြပြီး ဝန်ဆောင်မှုအချို့ကိုလည်း ပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။

“လက်ရှိအချိန်မှာတော့ ခရီးသွားလှည့်လည်ရေး လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာခရီးသွား အေဂျင်စီများနဲ့ ပြန်လည်ချိတ်ဆက်ပြီးတော့မှ ခရီးစဉ်များရောင်းချမှု ပြင်ဆင်နေကြပြီးတော့ တချို့ကုမ္ပဏီတွေအနေဖြင့်လည်း ခရီးစဉ်များစတင်ဝန်ဆောင်မှုများ ပေးနေကြပြီဖြစ်ပါတယ်” ဟု ဦးစိုးသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် လက်ရှိတွင် ခရီးသွားလုပ်ငန်းလိုင်စင်အတွက် ပြည်တွင်း Inbound ခရီးသွားကုမ္ပဏီ ၂၅၀၀ ကျော်၊ ပြည်ပ Outbound ခရီးသွားကုမ္ပဏီ ၈၀၀ ကျော်၊ ဟိုတယ်အရေအတွက် ၃၇၀ ကျော်၊ တည်းခိုရိပ်သာအရေအတွက် ၁၁၀ တို့ကို ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။

“ကိုဗစ်ကာလအတွင်းမှာ ဟိုတယ်များက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြပေမဲ့ ခရီးလှည့်လည်ရေးကုမ္ပဏီအများစုကတော့ ရပ်နားခဲ့ရတာ အများသိပါတယ်” ဟု ဦးစိုးသိန်းက ပြောသည်။

မြန်မာနိုင်ငံသည် ကိုဗစ်အလွန်ကာလအတွက် အလားအလာကောင်းသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ်မှစတင်ကာ ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်လာနိုင်သည့်အတွက် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News