
၁၄. ၆. ၂၀၂၅
Written by Nay Moe
ကရင်တို့၏ အိပ်မက်ဖြစ်သည့် ကော်သူးလေနိုင်ငံနှင့် ကော်သူးလေအစိုးရ ထူထောင်ခဲ့သည်မှာ ၇၆ နှစ်ကြာပြီဖြစ်သော်လည်း အောင်မြင်မှုမရသေးဟု KNU (ကရင်အမျိုးသားအစည်းအရုံး) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် ကော်သူးလေနေ့သို့ ပြောကြားသော မိန့်ခွန်းတွင် ညည်းတွားဝန်ခံလာသည်။
မြန်မာနိုင်ငံမှ ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်လိုနေသည့် ကရင်တို့က ၁၉၄၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို တောင်ငူမြို့၌ ခေါ်ယူခဲ့ကြသည်။ ထိုအစည်းအဝေးတွင် တော်လှန်ရေး၏ အခြေအနေကို လေ့ လာသုံးသပ်ပြီး “ကော်သူးလေအစိုးရ” ကို ဖွဲ့စည်း၍ အုပ်ချုပ်ရေးစီမံမှုများပြန်လည်ချမှတ်ခဲ့သည်။ “ကော်သူးလေအစိုးရ” (Kawthoolei Government – KGB) ဖွဲ့စည်းတည်ဆောက်ပုံလည်းရှိခဲ့သည်။ ကော်သူးလေအစိုးရ (KGB)၏ အစည်းအဝေး ပထမဦးဆုံးတစ်ကြိမ်ကို ၁၉၅၀ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကော်သူးလေအစိုးရဖွဲ့စည်းတည်ထောင်ခဲ့သော ဇွန်လ (၁၄) ရက်ကို “ကော်သူးလေနေ့” အဖြစ်သတ်မှတ်ခဲ့ပြီး ယနေ့ထိတိုင် ဂုဏ်ပြုကျင်းပခဲ့ကြသည်။
ကော်ခိုစောဘဦးကြီးမှ ကြီးမှူးပြီး ၁၉၅၀ ခုနှစ် ဇူလှိုင်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ “ဖာပွန် ကွန်ကရက်” ကို ခေါ်ယူကျင်းပခဲ့ပါသည်။ ထိုကွန်ကရက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းတည်ဆောက်မှုအား ပြုပြင်မွမ်းမံခြင်း၊ ကရင့်အမျိုးသားကာကွယ်ရေး တပ်မတော်အား ပြုပြင်ခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ မွမ်းမံမှုများပြုလုပ်ရန် အသီးသီး အဆိုပြုခဲ့ကြသည်။ သို့ရာတွင် အချို့သော ခေါင်းဆောင်များမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သောကြောင့် နောက်ဆုံးတွင် ကွန်ကရက်က ရည်ရွယ်ထားသည့် ကေအဲန်ယူ၏ဖွဲ့စည်းတည်ဆောက်မှု၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် လူထုရေးရာ စီမံခန့်ခွဲမှုများကို မချမှတ်နိုင်ခဲ့ကြပေ။ နိုင်ငံရေးအရ လမ်းညွှန်မှုများကိုလည်း နာခံမှုမရှိတော့ပေ။ နောက်ဆုံးတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးလာကြပြီး လူထုဆန့်ကျင်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်လာကြသည်။ ထို့ကြောင့် ပြည်သူလူထုနှင့် ခေါင်းဆောင်အချို့တို့သည် စိတ်ဓာတ်ရေးရာအရ ကျဆင်းလာကြပြီး တော်လှန်ရေးကို စွန့်ပယ်လာကြသည်။
သို့သော် ကရင့်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုသည် ကရင်လူမျိုးတို့၏ ရည်မှန်းချက်နှင့် အိပ်မက်ဖြစ်သော “ကော်သူးလေ” နိုင်ငံထူထောင်ခြင်းဖြစ်သည်။ ကရင်လူမျိုးအားလုံး၏ စိတ်နှလုံးတွင် “ကော်သူးလေ” နိုင်ငံသည် စွဲမြဲရှိနေသည်မှာ ငြင်းပယ်လို့မရပေ။ “ကော်သူးလေ” နိုင်ငံထူထောင်ခြင်းနှင့် “ကော်သူးလေအစိုးရ” ဖွဲ့စည်းခြင်းကို ကြေညာခဲ့သည်မှာ (၇၆) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော “ကော်သူးလေ” ဟူသည့် အသိအမှတ် ပြုခြင်းကို ယခုအချိန်ထိ မရရှိသေးဟု ကွယ်ထူးဝင်းက ဝန်ခံသည်။
“ကော်သူးလေ” မအောင်မြင်မှုအတွက် သင်ခန်းစာရယူရမည့် အချက် (၂) ချက်ရှိပြီး ပထမအချက်အနေဖြင့် နိုင်ငံရေးဆိုင်ရာ လမ်းညွှန်မှုနှင့် ဒုတိယအချက်အနေဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအတတ်ပညာပင်ဖြစ်ပြီး နေရာကဏ္ဍအသီးသီးမှ ကရင်ပြည် “ကော်သူးလေ” ထူထောင်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းကြပါဟုလည်း ကွယ်ထူးဝင်းက တိုက်တွန်းထားသည်။



