◼ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန် စစ်ဘက်ထိပ်တန်းအရာရှိကြီးနှစ်ဦးနှင့် နျူကလီးယားသိပ္ပံပညာရှင် ခြောက်ဦးကျဆုံး
၁၃.၆.၂၀၂၅
Translated by Htwe Ko Tun
ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းမှာ အစ္စရေးက အီရန်နိုင်ငံမြို့တော်တီဟီရန်နဲ့ တခြားမြို့ကြီးတွေကို လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ဘက်ကလည်းနံနက်ပိုင်းမှာ အစ္စရေးနိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်တွေလွှတ်တင်ကာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အဓိကပစ်မှတ်ထားတဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီး ငါးနာရီအကြာမှာ အီရန်ကလည်း တန်ပြန်တိုက်ခိုက်မှုအနေနဲ့ မောင်းသူမဲ့လေယာဉ် ၁၀၀ ကျော် ပစ်လွှတ်ခဲ့တာလို့ သိရပါတယ်။ အီရန်တပ်ဖွဲ့တွေက သူတို့ရဲ့ အစ္စရေးအပေါ်တုံ့ပြန်မှုက အကန့်အသတ် ရှိလိမ့်မှာမဟုတ်ဘူးလို့ ဆိုခဲ့ကြပါတယ်။ အီရန်စစ်တပ်ရဲ့ ကြေညာချက်တစ်ရပ်မှာ ဂျေရုဆလမ်ကို သိမ်းပိုက်ထားတဲ့ အကြမ်းဖက်အစိုးရက အကန့်အသတ်မျဉ်းအားလုံးကို ဖြတ်ကျော်ပြီးလုပ်ဆောင်ခဲ့ပြီ။ ဒီတော့ ဒီရာဇဝတ်မှုကို တုံ့ပြန်ဖို့ အကန့်အသတ်မလိုဘူးလို့ ဆိုခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အီရန်လွှတ်တင်တဲ့ မောင်းသူမဲ့လေယာဉ်တွေက အစ္စရေးကို ရောက်ဖို့ နာရီအတော်ကြာ အချိန်ယူရဦးမှာဖြစ်ပြီး အစ္စရေးအနေနဲ့ သူတို့ကိုပစ်ချဖို့ လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။
အစ္စရေးစစ်တပ်အရာရှိတစ်ဦးကလည်း “အီရန်မောင်းသူမဲ့လေယာဉ်တွေကို အစ္စရေးနယ်စပ်မရောက်ခင်ဘဲ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ ဒီကနေ လွတ်သွားခဲ့ရင်လည်း အစ္စရေးနိုင်ငံထဲက သူတို့ ပစ်မှတ်ကို ရောက်ဖို့ တစ်နာရီလောက်တော့ကြာမှာပေါ့” လို့ ပြောခဲ့ပါတယ်။
အစ္စရေးက ဇွန်လ ၁၃ ရက် နံနက် ၃ နာရီခန့်မှာ Rising Lion ဆိုတဲ့စစ်ဆင်ရေးနဲ့ ဂျက်တိုက်လေ ယာဉ် ၂၀၀ ကျော်ကို အသုံးပြုကာ တီဟီရန်နဲ့ တခြားမြို့ ကြီးတွေကို တိုက်ခိုက်ခဲ့တာပါ။ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ဟော့စိန် ဆာလာမီ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးမှူးဗိုလ်မှူးချုပ် မိုဟာမက် ဘာဂီရီတို့ ကျဆုံးခဲ့ပြီး အဆင့်မြင့်နျူကလီးယား သိပ္ပံပညာရှင်ခြောက်ဦးလည်း သေဆုံးခဲ့တယ်လို့ အီရန်ဘက်က အတည်ပြုခဲ့ပါတယ်။
Ref- Bhaskar, IRNA



