MT News

Translated by Htwe Ko Tun

သြစတြေးလျနိုင်ငံအား ဗြိတိသျှတို့ စတင်ကျူးကျော် ဝင်ရောက်ခဲ့သည့်နေ့ဖြစ်သော ဇန်နဝါရီ ၂၆ ရက်တွင် ပြည်သူထောင်ပေါင်းများစွာတို့က နိုင်ငံတစ်ဝန်းရှိမြို့ကြီးများတွင် ‘ကျူးကျော်မှုပြုခံရသောနေ့’အဖြစ် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ဆန္ဒပြပွဲများတွင် သြစတြေးလျနိုင်ငံ၏ မူလဌာနေတိုင်းရင်းသားများအတွက် အခွင့်အရေးများပေးရန်နှင့် ဇန်နဝါရီ ၂၆ ရက်အား သြစတြေးလျနိုင်ငံနေ့ အဖြစ်သတ်မှတ်ထားခြင်းအား ပြောင်းရွှေ့ပေးရန် အရေးဆိုခဲ့ကြကြောင်းသိရသည်။

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ဗြိတိသျှစစ်တပ်မှ ဗိုလ်ကြီးအာသာဖိလစ်က ဗြိတိသျှတို့၏ အလံကို ဆစ်ဒနီပင်လယ်ကွေ့ငယ်တွင် လွှင့်တင်ခဲ့သည်။ ထိုနေ့ကို သြစတြေးလျနိုင်ငံနေ့အဖြစ် တရားဝင်သတ်မှတ်ခြင်းမှာလည်း တိုင်းရင်းသားလူမျိုးစုအသိုက်အဝန်းအတွက် များစွာ နာကျင်အမှတ်ရမှုကို ဖြစ်စေခဲ့သည်။

ဗြိတိသျှတို့၏ ပထမဆုံးကိုလိုနီကျွန်ပြု သိမ်းပိုက်ခဲ့သည်အချိန်မှစ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအကြိမ် ၄၀၀ ခန့်တွင် ဩစတြေးလျ ဌာနေတိုင်းရင်းသားလူမျိုးစု ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း သြစတြေးလျ သမိုင်းပညာရှင် လင်းဒေါလ်ရန်းက ပြောခဲ့သည်။

ဌာနေတိုင်းရင်းသားလူမျိုးစုများက သြစတြေးလျနိုင်ငံတွင် ခန့်မှန်းခြေ လွန်ခဲ့သည့်နှစ်ပေါင်း ၆၅,၀၀၀ ခန့်ကပင် စတင်နေထိုင်လာကြသူများဖြစ်သည်။ ယခုအခါတွင် နိုင်ငံလူဦးရေ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းရှိ ဌာနေတိုင်းရင်းသားလူမျိုးစုများ၏အများစုမှာ မညီမျှမှုများနှင့်သာတွေ့ကြုံနေကြရပြီး လူမျိုးရေးခွဲခြားမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ကိုလည်းခံစားနေကြရသည်။ စီးပွားရေးနှင့် လူမှုရေးနောက်ကျကျန်နေမှုများကိုလည်း ရင်ဆိုင်နေရသည်။

သြစတြေးလျနိုင်ငံတွင် ဌာနေတိုင်းရင်းသားလူမျိုးစုများအဖို့ အခြားသော သြစတြေးလျနိုင်ငံသားများထက် နောက်ကျကျန်နေမှုများမှာ သိသိသာသာ ထင်ရှားပေါ်လွင်လျက်ရှိပြီး ၎င်းတို့၏ သက်တမ်းကလည်းတိုမှုကြောင့် အချို့ဆိုလျှင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုအတွင်း၌ပင်ကွယ်လွန်ကြရသည်ကိုတွေ့ရသည်။

Ref–DW

Leave a Reply

Your email address will not be published. Required fields are marked *