၁၁.၆.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား ဆက်သွယ်ထားသည့် ကမ္ဘာ့အရှည်ဆုံးရထားလမ်းများအနက်တစ်ခုကို လွန်ခဲ့သည့်လေးနှစ်က ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်မှုများပြုထားခဲ့ပြီးနောက် လာမည့်အပတ်အတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု ရုရှား ရထားပို့ဆောင်ရေးဌာနက ဇွန်လ ၉ ရက်တွင် ပြောခဲ့သည်။
မြောက်ကိုရီးယားက ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ၎င်း၏နယ်စပ်များကို ပိတ်ထားခဲ့ပြီးနောက် ၎င်း၏နိုင်ငံသားများကိုပင် ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။ နယ်စပ်ဖြတ်ကျော် ရထားကုန်သွယ်ရေးကိုမူ ၂၀၂၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်မူ နယ်စပ်မြို့များအကြား ၁၇ မိနစ်ကြာ ခရီးသွားရထားလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ဇွန်လ ၁၇ ရက်တွင်မူ ပြုံယမ်းမြို့မှ မော်စကိုမြို့သို့ ရှစ်ရက်ကြာခုတ်မောင်းမည့် ရထားကစတင်ထွက်ခွာမည်ဖြစ်ကာ ဇွန်လ ၂၅ ရက်တွင် မော်စကိုသို့ ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးတွင် မော်စကိုမှ ဇွန်လ ၂၆ ရက်တွင် ထွက်ခွာကာ ပြုံယမ်းမြို့သို့ ဇူလိုင်လ ၄ ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
နှစ်နိုင်ငံကြား ထိုရထားခရီးစဉ်ကို လစဉ် ၃ ရက်နှင့် ၁၇ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်ကာ အပြန်ခရီးစဉ်ကို ရောက်ရှိပြီး နောက်တစ်ရက်တွင်ပြန်လည်ထွက်ခွာရန်သတ်မှတ်ထားသည်။ မြောက်ကိုရီးယား မီးရထား အာဏာပိုင်များက ၎င်းတို့၏ ကိုယ်ပိုင်ရထားတွဲဆိုင်းများကို အသုံးပြုသွားမည်ဟု သိရသည်။
“ပြုံယမ်း-မော်စကို ရထားလမ်းက ကမ္ဘာပေါ်တွင် မရပ်မနားသွားနိုင်တဲ့ အရှည်ဆုံး မီးရထားလမ်းဖြစ်ပါတယ်။ မြို့တော်နှစ်ခုအကြား ရထားလမ်းအကွာအဝေးက ကီလိုမီတာ ၁၀,၀၀၀ ကျော် (မိုင် ၆,၂၀၀) ရှိပြီး ခရီးသွားချိန် ရှစ်ရက်ဖြစ်ပါတယ်” ဟု ရုရှားမီးရထားပို့ဆောင်ရေးဌာနမှ ပြောကြားခဲ့သည်။
Ref, Moscow Times
