
၁၀.၆.၂၀၂၅
Written By Zun
ခေါ်ယူစစ်ဆေးခံနေရသော Stars & Models မော်ဒယ်အေဂျင်စီ တည်ထောင်သူ ဂျွန်လွင် နေအိမ်သို ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ဂျွန်လွင်နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၉ ရက်က နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အဆိုပါ နီးစပ်သူများထံက သိရသည်။
“ကိုဂျွန်က သူ့အိမ်ပြန်ရောက်နေပြီ။ ဟုတ်တယ်။ နေကောင်းတယ်။ ဘယ်လိုတွေ မေးမြန်းတယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး”ဟု ဂျွန်လွင်နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
Stars & Models မော်ဒယ်အေဂျင်စီ တည်ထောင်သူ ဂျွန်လွင်ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်လိုက်ချိန် ခံဝန်ကတိလက်မှတ်ရေးထိုးမှုလည်း ပြုလုပ်ခဲ့ရကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
သိုသော် အဆိုပါ သတင်းကို MT News က အတည်ပြုရန် စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။
“သူ့ကို စစ်တာက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတာ ဖြစ်ပါတယ်။ ဘာကြောင့် ပြန်လွှတ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိဖို့ ခက်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းရောင်းဝယ်မှုကိစ္စနဲ့ အကြမ်းဖက် ထောက်ပို့ကိစ္စတွေအတွက် ခေါ်ယူစစ်ဆေးတယ်ဆိုတာ မှန်ပါတယ်”ဟု ရဲတပ်ဖွဲနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
Stars & Models မော်ဒယ်အေဂျင်စီ တည်ထောင်သူ ဂျွန်လွင် စစ်ဆေးခံနေရသည့် သတင်းကို MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။