
၉. ၆. ၂၀၂၅
Written by Tha Doe
အသက် ၄၀ ကို ၄ လနဲ့ ၄ ရက်စွန်းနေတဲ့ ပေါ်တူဂီ လူအိုကြီးတစ်ယောက်က ကမ္ဘာ့အကောင်းဆုံးလို့ ဆိုရနေနိုင်တဲ့ စပိန်လိုအသင်းမျိုးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနေခဲ့ရာကနေ ချေပဂိုးသွင်းယူပေးသွားခဲ့ပြီးနောက်မှာ ပြိုင်ပွဲဟာ ပင်နယ်လ်တီရောက်သွားပြီး ၅ ဂိုးသွင်းပြသွားမှုနဲ့ ဖလားရသွားမယ်ဆို ဘယ်သူမှ မဖြစ်နိုင်ဘူးထင်မှာ ဖြစ်ပေမဲ့ ဒီဖြစ်ရပ်ဟာ ဒီမနက်မှာ တကယ်ဖြစ်သွားခဲ့ပါတယ်။

ဒီမနက် ယှဥ်ပြိုင်တဲ့ နေးရှင်းလိဂ်ဖလားမှာ တစ်ကမ္ဘာလုံးဟာ စပိန်ပဲ ဖြစ်နေချိန်မှာ နိုင်ငံ့အတွက် ပေးဆပ်ချင်နေတဲ့ လူအိုကြီးတစ်ယောက်အဖို့ နောက်ဆုံးသော ဖလားအခွင့်အရေးလေးရစေချင်နေကြတဲ့ CR7 ပရိသတ်တွေဟာ ရော်နယ်လ်ဒို့သံယောဇဥ် ရိနဲ့နဲ့လေးကို အခြေပြုပြီး ပေါ်တူဂီလို့ ခပ်ဖွဖွရွတ်ရင်း အားပေးခဲ့ရတာဖြစ်ပြီး ဒီအားပေးမှုနဲ့လည်း လူအိုကြီးက ထိုက်တန်ခဲ့ပါတယ်။

နေးရှင်းလိဂ် ဗိုလ်လုပွဲတက်လာတဲ့ စပိန်နဲ့ ပေါ်တူဂီတို့ဟာ မလိမ်မညာတမ်းပြောရမယ်ဆို စပိန်က နည်းနည်း ပိုသာပါတယ်။ သာမန်ပွဲကစားချိန်အတွင်းမှာ ပေါ်တူဂီဂိုးပေါက်ကို ၁၂ ကြိမ် ခြိမ်းခြောက်ပြီး ငါးကြိမ်ဂိုးပေါက်တည့်တာဟာ ပြင်းထန်တဲ့တိုက်စစ်လို့ နားလည်ရမှာဖြစ်သလို ဒီယိုဂိုကော်စတာရဲ့လက်စွမ်းကြောင့်လည်း ပေါ်တူဂီတို့ သက်သာရာရခဲ့ပါတယ်။ စပိန်ဂိုးပေါက်ကို ပေါ်တူဂီတို့ ခြောက်ကြိမ်ကန်ရာမှာတော့ နှစ်ကြိမ်ပဲ ဂိုးပေါက်တည့်ပြီး နှစ်ကြိမ်စလုံးဝင်ခဲ့တာကတော့ ဂိုးသွင်းတဲ့ မန်ဒက်စ်နဲ့ ရော်နယ်လ်ဒိုတို့ ကန်သွင်းချက်လှပလို့ အူနိုင်းဆိုင်မွန် ဘာမှ မတတ်နိုင်ခဲ့တာပါ။

စပိန်ရသွားတဲ့ ပထမဂိုးဟာ ပွဲချိန် ၂၁ မိနစ်မှာ ရီးရဲကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဇူဘီ မန်ဒီက ဒီယိုဂိုကော်စတာနဲ့ ရူဘင်ဒီယပ်စ်တို့ နားလည်မှုလွဲတဲ့ကြားက အပြင်းကန်သွင်းသွားတာဖြစ်ပြီး ချေပဂိုးကိုတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ နူနိုမန်ဒက်စ်က စပိန်နောက်ခံလူ သုံးယောက်ကြားကနေ အူနိုင်းဆိုင်မွန်ရဲ့ ဘယ်ဘက်ထောင့်ကို အပြင်း ကန်သွင်းသွားတာပါ။
စပိန်တို့အဖို့ ဒုတိယဂိုးကို ပွဲချိန် ၄၅ မိနစ်မှာ မီခယ်လ် အိုယာဇာဘယ်က ပေါ်တူဂီတို့ လူကျွံထောင်ချောက်ကို ကျော်ဖြတ်သွင်းယူခဲ့သလို ဒီဂိုးအတွက် ချေပဂိုးကိုတော့ နေးရှင်းလိဂ်ဗိုလ်လုပွဲသမိုင်းရဲ့ ဖိုင်နယ်မှာ ချေပဂိုးသွင်းပေးသူ အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်ဝင်စေခဲ့တဲ့ လူအိုကြီး စီရော်နယ်လ်ဒိုက လမိုင်းယာမယ်ကို Dribbles လုပ် ဖြတ်ကျော်ပြီး ယူလာတဲ့ မန်ဒက်စ်ရဲ့ တင်ပို့မှုကို မြေမကျဘဲ သူ့ခြေခွင်နဲ့ အသာပက်ပြီး ဘယ်ဘက်ဖမ်းဖို့ ဟန်ရေးပြင်နေတဲ့ အူနိုင်းဆိုင်မွန်ရဲ့ ညာဘက်ကို အသာလေး လမ်းကြောင်းပြောင်းပြီး ပိတ်သွင်းယူသွားခဲ့တာပါ။ လှပတဲ့ ချေပဂိုးကို သွင်းယူပေးသွားခဲ့ပေမဲ့ လူအိုကြီး ရော်နယ်လ်ဒိုဟာ ဒဏ်ရာရသွားခဲ့တာကြောင့် ပွဲချိန်ပြည့် မကစားနိုင်ဘဲ ၈၈ မိနစ်မှာတော့ ဂွန်ကာလို ရာမို့စ်နဲ့ လူစားလဲလိုက်ရသလို လက်ကျန်အချိန်တွေမှာလည်း နှစ်ဖက်စလုံးက အခွင့်အရေးတွေ အသုံးမချနိုင်တဲ့နောက်မှာ အချိန်ပိုကို ရောက်သွားခဲ့ပါတယ်။

အချိန်ပိုပထမပိုင်းမှာ ပိုကောင်းနေတာက ပေါ်တူဂီတို့ပါ။ မန်ဒက်စ်ကို မကျော်နိုင်တဲ့အပြင် မန်ဒက်စ်ရဲ့ Dribbles နဲ့ အစွမ်းပြခံနေရတဲ့ စပိန်ရဲ့ စတားဘွိုင်း လမိုင်းယာမယ်ဟာ ဒီနေ့မှာတော့ လူညစ်လေးဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် မန်ဒက်စ်ကို ဘေးနာက ဆွဲလှဲပေမဲ့ ပင်နယ်လ်တီမရခဲ့တာ၊ လီယာအို ဆွဲပြေးလာတာ အတင်းဖျက်ရ လမိုင်းယာမယ်က လီယာအိုကို နောက်ကနေ ဆလိုက်ထိုး လူချခဲ့တာတွေက ပထမပိုင်း ၁၅ မိနစ်မှာ ပေါ်တူဂီတို့ လုပ်ပြခဲ့တာဖြစ်ပြီး မန်ဒက်စ်ရဲ့ အိတ်ကပ်ထဲက ထွက်မရတဲ့ လမိုင်းယာမယ်ဟာ ၁၁၆ မိနစ်မှာတော့ ရယ်ရီမီပီနိုနဲ့ လူလဲခံလိုက်ရပါတော့တယ်။ ပိုအရှက်ရဖွယ်က လမိုင်းယာမယ်ဟာ ဒီနေ့စပိန်အသင်းမှာအညံ့ဆုံးဖြစ်ခဲ့ပြီး Google Score မှ Rating တောင် မရတဲ့အထိ ညံ့ဖျင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်ဖက်စလုံးက ပင်နယ်လ်တီသွားကြဖို့ ဟန်ပြင်နေသလိုမျိုး ဂိုးမရနိုင်ကြတဲ့နောက် ပင်နယ်လ်တီ ကန်ကြရပါတော့တယ်။ ပင်နယ်လ်တီမှာတော့ ပေါ်တူဂီဘက်က စကန်ရပြီး ရာမို့စ်၊ ဗီတင်ဟာ၊ ဖာနန်ဒက်စ်၊ မန်ဒက်စ်၊ နက်ဗက်စ် တို့ ဂိုးဝင်ခဲ့ကာ စပိန်တို့ဘက်က မာရီနို၊ ဘေးနာ၊ အစ္စကိုတို့ ဂိုးဝင်ခဲ့ပေမဲ့ မိုရာတာ့အလုံးကို ဒီယိုဂိုကော်စတာ ပုတ်ထုတ်လိုက်ချိန်မှာ စပိန်တို့ ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးပြီး စတားဘွိုင်းလူညစ်လေး လမိုင်းယာမယ်အဖို့ နေးရှင်းလိဂ်ယူပြီး ဘော်လွန်ဒေါယူမယ့်အိပ်မက် ပျက်သွားခဲ့သလို လူအိုကြီး ရော်နယ်လ်ဒိုလည်း သူ့သက်တမ်းရဲ့ နောက်ဆုံးနေးရှင်းလိဂ်ဖလားကို ဒုတိယအကြိမ် ရယူသွားနိုင်ခဲ့ပါတယ်။

ဖလားယူချိန် ချစ်စရာမြင်ကွင်းအဖြစ်တော့ ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမား မန်ဒက်စ် ဆုတက်ယူချိန်မှာ အသင်းဖော်အားလုံးက ခေါင်းပုတ်ပြီး ဆုယူအပြန်မှာ ပွဲခံခဲ့တာပါ။ ဒီရာသီမှာ မန်ဒက်စ်ဟာ ဆာလား၊ ဆာကာနဲ့ လမိုင်းယာမယ်တို့ကို ဆွံ့အစေခဲ့သလို မကြာခင်အနားယူတော့မယ့် လူအိုကြီး ရော်နယ်လ်ဒိုကိုလည်း နေးရှင်းလိဂ်ဖလားနဲ့ ပျော်သွားစေခဲ့သူပါပဲ။ Photo – ESPN