



၇.၆.၂၀၂၅
Written By Thandar
Canal Plus နဲ့ Bonanza Production ပူးပေါင်းရိုက်ကူးတဲ့ ကျိန်စာသင့်တောင်းဆုတွေနဲ့ လျှို့ဝှက်သည်းဖို ဒရာမာဇာတ်လမ်းပုံစံ “မြ”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
“ ဝါဆိုက ဒီ မြဇာတ်လမ်းတွဲမှာ စိမ်းဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ဝါဆို ခုနောက်ပိုင်း ရိုက်တဲ့ ဇာတ်တွေက ကိုယ်သရုပ်မဆောင်ဖူးတဲ့ ဇာတ်တွေများပါတယ်။ မြဆိုတဲ့ မဟာစံအိမ်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အကြောင်းအရာတွေ တိမ်မြှုပ်ထားလဲ ဆိုတာ စိတ်လှုပ်ရှားစရာ ကြည့်ရှုခံစားရမှာပါ။ ဇာတ်ကားက မြဘယက်ကြီးနဲ့ ဆက်စပ်တဲ့ ဇာတ်လို့လည်း ပြောလို့ရပါတယ်”လို့ သရုပ်ဆောင် ဝါဆိုမိုးဦးက ပြောပါတယ်။
ဒါရိုက်တာ ထွဋ်တင်ထွန်းက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ နေထူးနိုင်၊ စစ်မင်းထက်၊ ဟန်းသစ်စ၊ အကယ်ဒမီဇော်ဦး၊ ဝါဆိုမိုဦး၊ အကယ်ဒမီမြတ်ကေသီအောင်၊ မေပန်းချီ၊ သဇင်ထူးမြင့်၊ အင်ကြင်းဖူး၊ ဝမ်ဝမ်းစတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“မြ” ဇာတ်လမ်းတွဲကိုတော့ လာမယ့် ဇွန်လ ၁၆ ရက်နေ့မှစတင်ပြီး အပတ်စဥ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီအချိန်တိုင်းမှာ CANAL+ ZAT LENN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။