◾ PDF များသတ်ဖြတ်၍ သေဆုံးရသည့် ဆရာ၊ ဆရာမ ၈၀ ဦး ရှိလာ

၇. ၆. ၂၀၂၅
Written by Nay Moe
NUG နှင့် PDF များအနေဖြင့် ၎င်းတို့အား ယုံကြည်ထောက်ခံမှုမရှိသည့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိရာ ယခုလည်း ကလေးသူငယ်များအား ပညာတတ်ရန်သင်ကြားပေးမှုဖြင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာမှ လက်နက်မဲ့ ကျောင်းအုပ်ဆရာမကြီးအား PDF များက ဖမ်းဆီးသတ်ဖြတ်လိုက်ကြပြန်သည်။

ဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာရှိအခြေခံပညာမူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ရီရီထွေး အသက် ၄၆ နှစ်သည် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များထမ်းဆောင်လျက်ရှိပြီး ထိုသို့ တာဝန်ထမ်းဆောင် နေသည်ကို မလိုလားသော PDF များက ဇွန်လ ၆ ရက်နေ့ ကျောင်းဆင်းချိန်တွင် ကျောင်းဝန်းအတွင်းသို့ မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ခြင်းမရှိဟုဆိုကာ ကျောင်းအုပ် ဆရာမကြီးအား သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ် သတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်ထိ အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်း သေဆုံးသူ ၈၀ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရှိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းကောင်းဆရာ၊ ဆရာမများအား PDF များနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများကို ပြည်သူလူထုက စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင်ကြားသိနေရသဖြင့် အကြမ်းဖက် သမားများ၏ လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သော တုန့်ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။