
၆. ၆. ၂၀၂၅
Written by Nay Moe
ချင်းပြည်နယ်၊ မရာနယ်မြေအတွင်း အသက် ၄၅ နှစ်အောက် မရာပြည်သူအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကို အတည်ပြုနိုင်ခဲ့တယ်လို့ တတိယအကြိမ် မာရာပြည်သူ့ညီလာခံသက်တမ်း ပထမအကြိမ် ဗဟိုကောင်စီအစည်းအဝေးကို မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့အထိ MTC/MDF ထိန်းချုပ်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့အပြီး Maraland Territorial Council – MTC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကတည်းက မရာလက်နက်ကိုင် MTC/MDF ဟာ မရာကျေးရွာ ၄၀ က လူငယ်တိုင်း စစ်သင်တန်းတက်ဖို့ အမိန့်ထုတ်ခဲ့အပြီးမှာ စစ်မှုမထမ်းလိုတဲ့ ချင်းလူငယ်ရာချီက ထွက်ပြေးကုန်တာကြောင့် ပြည်သူ့ညီလာခံမှာ အတည်ပြုလိုက်တာဖြစ်ပြီး ဒီလိုတိမ်းရှောင်သူတွေကို ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ MTC/MDF က ဖုံးကွယ်ထားဆဲဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ AA နဲ့ NUG ကို သစ္စာခံတဲ့ ချင်းလက်နက်ကိုင် CB နဲ့ ချင်းဌာနေ လက်နက်ကိုင် CC နှစ်ဖွဲ့ကွဲနေပြီး မရာချင်းလက်နက်ကိုင် MTC/MDF ဟာ ချင်းလက်နက်ကိုင် CNDF ၊ CDF ကန်ပက်လက်၊ CDF မတူပီ (တပ်မဟာ – ၁)၊ CDF မင်းတပ်၊ Zoland Defence Force တို့နဲ့အတူ NUG နဲ့ AA ကို သစ္စာခံကြတဲ့ ချင်းလက်နက်ကိုင်တွေပါ။
MTC/ MDF လို NUG လက်အောက်က PDF တွေရဲ့ စစ်သားစုဆောင်းမှုက ဆိုးရွားသလို ဒီနှစ် မတ်လကုန်ကစတဲ့ AA ရဲ့ ပေါ်တာဆွဲစစ်မှူထမ်းမိန့်ကလည်း မျိုးရင်းတူ ရခိုင်တွေသာမက ချင်းကျောင်းသားကျောင်းသူပါမချန် ပေါ်တာဆွဲလို့ ရခိုင်နဲ့ ချင်းပြည်သူတွေရဲ့ ကန့်ကွက်မှု ခံနေရပါတယ်။