
◾ သမ္မတနှစ်ဦးအကြား အပြန်အလှန် ဖိတ်ကြားမှုများ ပြုလုပ်
၆.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့ဟာ ဇွန်လ ၅ ရက်က ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြစဉ်အတွင်းမှာ ကမ္ဘ့ာစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုအကြား တင်းမာမှုတွေထဲက ကုန်သွယ်စည်းကြပ်ခွန်နဲ့ မြေရှားသတ္တုထောက်ပံ့မှုတို့အပေါ် အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်သွားကြမယ်လို့ သဘောတူခဲ့ကြပါတယ်။
ထရန့်က “အမေရိကန်ရဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဆက်ဆံရေးက ဦးတည်ရာလမ်းကြောင်းက အနည်းငယ် ချော်နေတယ်။ ဒါပေမယ့် တရုတ်နဲ့ ဆက်ဆံရေး အလွန်ကောင်းမွန်တဲ့ပုံစံရှိပြီး ကုန်သွယ်ရေးသဘောတူညီချက်ရနိုင်တယ်” ဆိုပါတယ်။ ညှိနှိုင်းဆွေးနွေးပွဲတွေကို မကြာမီပြုလုပ်သွားမယ်လို့လည်း ထရန့်က ပြောခဲ့ပါတယ်။ ဆွေးနွေးပွဲကျင်းပမယ့်နေရာကိုတော့ ဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောဝပ်လတ်နစ်နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် ဂျာမေဆန် ဂရီယာတို့က ထရန့်ကို ကိုယ်စားပြုတက်ကြမှာပါ။
ထရန့်က “ဒီကိစ္စကအလွန်ရှုပ်ထွေးပါတယ်။ကျွန်တော်တို့က အများအားဖြင့် မြေရှားသတ္တုနဲ့တခြားဟာ တချို့အတွက် တုံ့ဆိုင်းမှုရှိမနေဘဲ ဆောင်ရွက်ကြရမယ်”လို့ သတင်းထောက်တွေကို အိမ်ဖြူတော်က Oval Office မှာ ပြောခဲ့ပါတယ်။
အရင်က အမေရိကန်ရဲ့ ကုန်သွယ်ရေးညှိနှိုင်းမှုအဖွဲ့အတွက် အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ အခုတော့ ဝါရှင်တန်ဒီစီက Asia Society Policy Institue မှာလုပ်နေသူ ဝန်ဒီ ကတ်ကလာကလည်း “ ခေါင်းဆောင်နှစ်ဦးရဲ့ မိနစ် ၉၀ ကြာတဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုက အရေးကြီးတဲ့ သတ္တုတွေအတွက် ထွက်ပေါက်မရှိ အကျပ်အတည်းဖြစ်နေတဲ့အခြေအနေကို ပယ်ဖျက်လိုက်နိုင်ပြီး ကုန်သွယ်ရေးဆွေးနွေးပွဲတွေလုပ်နိုင်ဖို့ တခြားအရေးတကြီးအချက်တွေကို လုပ်စရာရှိတာတွေ လုပ်နိုင်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
ဖုန်းပြောဆိုမှုအတွင်း ရှီက ထရန့် နဲ့ ဇနီးဖြစ်သူ မီလာနီယာထရန့်တို့ကို တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တယ်လို့ တရုတ်အစိုးရရဲ့ ကြေညာချက်တစ်ခုမှာဖော်ပြခဲ့သလို ထရန့်ကလည်း လူမှုကွန်ရက်မှာ သမ္မတနှစ်ဦးဟာ အပြန်အလှန် ဖိတ်ကြားမှုတွေပြုလုပ်ခဲ့ကြပြီး နှစ်ဦးစလုံးကဖိတ်ကြားချက်တွေကို လက်ခံခဲ့ကြတယ်လို့ ရေးတင်ခဲ့ပါတယ်။
ဇွန်လ ၅ ရက်မှာ သမ္မတနှစ်ဦးရဲ့ ဖုန်းနဲ့ဆက်သွယ်ကြမှုက ဒေါ်နယ်ထရန့် ဒုတိယအကြိမ်သမ္မတသက် တမ်းရယူပြီးနောက် အမေရိကန်နဲ့ တရုတ်အကြား ရိုလာကိုစတာရထားလို သည်းထိတ်ရင်ဖိုဖွယ်ရှိတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အပြောင်းအလဲတစ်ရပ်ဖြစ်စေမယ်လို့ သုံးသပ်ကြပါတယ်။
Ref- Bloomberg