




၅.၆.၂၀၂၅
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကြံဘိုကျေးရွာ အလယ်တန်းကျောင်းက ဆရာမနဲ့ ကိုးတန်းကျောင်းသားဖြစ်တဲ့ တူသားတပည့်နှစ်ဦး စီးလာတဲ့ဆိုင်ကယ်နဲ့ သစ်တင်လာတဲ့ယာဉ် တိုက်မိလို့ ဆရာတပည့်နှစ်ဦး နေရာတင် သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဇွန်လ ၁ ရက်နေ့က
ညောင်လေးပင်မြို့နယ်၊ ငှက်ပျောတောဂိတ်နားမှာဖြစ်ပွားခဲ့ပြီး အသုဘရှု့ ငါးရက်ထားကာ ဒီနေ့မှာတော့ ကြံဘိုရွာ သုသာန်မှာ ဂူသွင်းကာ သင်္ဂြိုဟ်ခဲ့ပါတယ်။
သေဆုံးသူ ဆရာမအမည်က ဒေါ် ပြည့်ပြည့်ဖြိုးဝေအောင် အသက် (၃၄) နှစ်ဖြစ်ပြီး တူတော်စပ်တဲ့ တူသားတပည့်က မောင်ဖြိုးမောင်မောင် (၁၅) နှစ်လို့သိရပါတယ်။ သစ်တင်လာတဲ့ Light Truck ခါးရှည်(ဒေသအခေါ်) က တိုက်ချိတ်သွားတာကြောင့် ဆိုင်ကယ်က ကားနဲ့ချိတ်ပါသွားကာ ဒူးကာ၊ လက်ကိုင် စတာတွေ ကြေမွပျက်စီးခဲ့သလို နှစ်ဦးစလုံးလည်း နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။






“ကျောင်းသားက တူတော်တယ်။ တူသားတပည့်ပေါ့။ ကလေးက မိဘ နွမ်းပါးလို့ ကျောင်းအင်္ကျီ၊ စာရေးကိရိယာ ဆရာမက သူ့တူကို ဝယ်ခြမ်းပေးရအောင်လို့ ကျောင်းမဖွင့်ခင်ရက်မှာ ညောင်လေးပင်ဈေးကို သွားကြရင်းက ဖြစ်တာလို့ပဲ အကြမ်းဖျင်းသိရတယ်။ ဆရာမက လူချစ်လူခင်ပေါတယ်။ သူ့ကြံဘိုရွာနဲ့ အရင် တာဝန်ကျတဲ့ ဒေသကပါ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ ကလေးမိဘတွေ လာကြတော့ အသုဘကို ငါးရက်ထားပြီး ရှု့ရတာပါ “လို့ ဒီနေ့ ဇွန်လ ၅ ရက်နေ့ ဂူသွင်းသင်္ဂြိုဟ်ခဲ့တဲ့ဆီ အသုဘရှု့ လိုက်ပါပို့ဆောင်ခဲ့တဲ့ ကြံဘိုရွာ ဒေသခံ ကိုအောင်မင်းခန့်က MT News ကို ပြောပါတယ်။
ဒေါ်ပြည့်ပြည့်ဖြိုးဝေအောင်က ကြံဘိုရွာ အ.လ.ကမှာ ပြောင်းရွေ့တာဝန်ထမ်းဆောင်နေတာ စာသင်နှစ် နှစ်နစ်တာကာလသာရှိသေးပေမယ့် ဆရာ ဆရာမ အင်အား နည်းပါးတဲ့ နယ်ကျောင်းမို့ မူလတန်းကနေ အလယ်တန်းအထိ အတန်းအကုန်ရဲ့ ဘာသာရပ် အသီးသီးကို လိုအပ်ချက်အရ ဝင်ရောက်သင်ကြားပို့ချပေးရတဲ့ စေတနာကောင်း၊ အသင်အပြကောင်းတဲ့ ဆရာမ တစ်ဦးလို့လည်း မှတ်ချက်ပြုနေကြတာကို တွေ့ရပါတယ်။
