
၅.၆.၂၀၂၅
Written by Hey Mar
အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေပြီး ပုံမှန်ဝင်ငွေရရှိဖို့ ခက်ခဲကာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေတဲ့ ဒီလိုအချိန်၊ မိသားစု စားဝတ်နေရေးအတွက် ရရာအလုပ် လုပ်ကိုင်ရှာဖွေကျွေးနေတဲ့ အိမ်ထောင်ဦးစီးလူရွယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်နှစ်ဖက်ဆုံးရှုံးရတော့မယ့် အခြေအနေနဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့က ဆေးရုံကြီးပေါ်မှာ ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။
ဒီနေ့ ဇွန်လ ၅ ရက်နေ့မှာ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တလိုင်းအိုင်ကျေးရွာအုပ်စုထဲက ရွှေအင်းမရွာကနေ ကိုဇော်ဇော် (အမည်လွှဲ) မိုင်းထိမှန်ဒဏ်ရာ ပြင်းထန်စွာနဲ့ တောင်ငူဆေးရုံကြီးဆီရောက်ရှိလာပါတယ်။ ဆေးရုံကို လာရောက်ကတည်းက ဘယ်ခြေထောက် ခြေကျင်းဝတ်ကနေ ပြတ်ထွက်ပြီး ညာခြေထောက် ပြင်းထန်တဲ့ မိုင်းထိမှန်ဒဏ်ရာတွေနဲ့ပါ။
သူဒီလို ဒဏ်ရာတွေရရှိခဲ့တာက သူ့အိမ် သူ့ရွာနဲ့ မလှမ်းမကမ်း တောထဲက ရာသီပေါ်အင်ဥကောက်ပြီး ရောင်းချကာ မိသားစု စားသောက်ရေး အဓိက ဖြေရှင်းဖို့ကြိုးစားရာက တောထဲမှာ လက်နက်ကိုင်အဖွဲ့ တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိလို့ပဲ ဖြစ်ပါတယ်။ ကိုဇော်ဇော် (အမည်လွှဲ) မှာ မှီခိုသူ ဇနီးနဲ့ သားသမီး သုံးဦး ရှိပါတယ်။ အငယ်ဆုံးကလေးက အခုမှ ခုနစ်လသမီးအရွယ်ပါ။ တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားမို့ ဆေးရုံစရိတ်တောင်မပါဘဲ တောင်ငူဆေးရုံကြီးဆီ ရောက်ရှိလာတဲ့အခါ တောင်ငူက Save The Trees Rescue Team က စာနာဖေးမမှုနဲ့ သူ့ရဲ့ ဆေးကုသဖို့ လတ်တလောကူညီ လှူဒါန်းဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။
Save The Trees Rescue Team မှ တာဝန်ရှိသူက”အမျိုးသားလူနာတစ်ဦး ဒီနေ့တောင်ငူဆေးရုံကြီးကိုရောက်လာပါတယ်။ ဝဲဘက်ခြေထောက်ပြတ်၊ ယာခြေပြင်းထန်ဒဏ်ရာနဲ့ တစ်ကိုယ်လုံးမှာလည်း မိုင်းစမှန်တဲ့ဒဏ်ရာတွေနဲ့ပါ။ အိမ်နဲ့မလှမ်းမကမ်း တောထဲမှာ အင်ဥသွားကောက်ရင်း ဖြစ်တာပါ။ လူနာမှာ သားသမီးသုံးယောက်။ အငယ်ဆုံးက ခုနစ်လ။ အကြီးဆုံးသမီးလေးက ၈ နှစ်။ စားဝတ်နေရေးအဆင်မပြေလို့ ကြုံရာကျပန်းလုပ်ကာ ဇနီးနဲ့ သားသမီးသုံးယောက်ကို လုပ်ကိုင်ကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်။ ဆေးကုသစရိတ်ဆိုတာလည်း မရှိ။ ဘာဆိုဘာမှ မပါအောင် နွမ်းပါးတဲ့မိသားစုလေးမို့ ကနဦး တစ်သိန်းကျပ်ရယ် စောင်၊ ခြင်ထောင်၊ ခေါင်းဦး၊ ဖျာနဲ့ ကလေးအဝတ်အစားနှစ်စုံရယ်ကို ခုနစ်ရက်သားသမီးကောင်းမှုအနေနှင့် လှူဒါန်းပေးထားပါတယ်။” လို့ အသိပေးဖော်ပြထားတယ် ။
နောက်ပိုင်း ဆေးကုသမှုနဲ့ကုန်ကျစရိတ်တွေကိုလည်း ထပ်မံ ကူညီ ပေးသွားမယ်လို့ အသိပေးထားပြီး အဆိုပါ အသင်းက တောင်ငူမှာ စစ်ဘေးရှောင်တွေနေထိုင်ရေး၊ စားဝတ်နေရေးနဲ့ ကျန်းမာရေး ကိစ္စတွေလည်း ကူညီဖြေရှင်းပေးနေသလို ရွာနီးစပ်ချုပ်မှာ မကြာခဏ ဖြစ်ပွားနေတဲ့ ကလေး လူကြီး မြေမြှုပ်မိုင်းထိကာ ကိုယ်အင်္ဂါဆုံးရှုံးမှုတွေ ကြုံတွေ့ရပါကလည်း ကိုယ်အင်္ဂါအတု ပြန်လည်တပ်ဆင်ပေးကာ ဘဝ ဆက်လက် ရပ်တည်နိုင်ဖို့အထိ အကူအညီပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာလည်း ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၂၉၅ ခု ရှိခဲ့ပြီး ထိခိုက်သေဆုံးသူ ၅၁၀ ရှိခဲ့ကြောင်း Unicef Myanmar က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ရပ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိခိုက်သေဆုံးသူ ၁၀၈၂ ဦးရှိပြီး၂၀၂၃ ခုနှစ်ကထက် ပိုများလာကြောင်းလည်း Unicef Myanmarရဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
