
၅. ၆. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုများ လျှော့ချနိုင်ရေး ပြည်တွင်းရှိ ပလတ်စတစ် Recycle လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ယနေ့ ပြုလုပ်သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုများကို လျှော့ချနိုင်ရန်၊ ပြည်တွင်းရှိပလတ်စတစ်ကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် (Recycle) လုပ်ငန်းများ ပိုမိုတွင်ကျယ် အားကောင်းလာစေရန်၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်အတွက် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့်မြို့ပြ လုပ်ငန်းဆိုင်ရာစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်လုပ်ငန်းစဉ်အဆင့်ဆင့် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP) များကို လိုက်နာဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။





မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်းချုပ်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂ဝ၃ဝ)ကို ရေးဆွဲထုတ်ပြန်ထားပြီး မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးကို အဓိက ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် ကဏ္ဍစုံ ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရန်အတွက် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် SAC ဥက္ကဋ္ဌက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ ဆုရရှိသည့် ရှမ်းပြည်နယ်ဘ(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှ တာဝန်ရှိသူထံလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာမှ တာဝန်ရှိသူထံလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ Great Success Energy Co. Ltd (၃၀ မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း) မှ တာဝန်ရှိသူထံလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း(အထက်တန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် ကျောင်းများ၊ စိမ်းလန်း စိုပြေသောကျောင်း (မူလတန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့်ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။
