
၆. ၆. ၂၀၂၅
Translated by Thettant
မကြာသေးမီက အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ကက်ရှ်မီးယား စစ်ရေးပဋိပက္ခအတွင်း ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သော မော်ဒယ်ဖြစ်သည့် တရုတ်နိုင်ငံထုတ် J-10 တိုက်လေယာဉ်များကို အင်ဒိုနီးရှားနိုင်ငံက ဝယ်ယူရန် စဉ်းစားလျက်ရှိသည်။
အင်ဒိုနီးရှား၏ အမျိုးသားသတင်းအေဂျင်စီ Antara ၏ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြချက်အရ နိုင်ငံ၏ လေတပ်ဦးစီးချုပ် Mohamad Tonny Harjono သည် တရုတ်နိုင်ငံရှိ လက်နက်ပြပွဲတစ်ခုသို့ မကြာသေးမီက သွားရောက်ခဲ့စဉ်အတွင်း တရုတ်နိုင်ငံက အဆိုပါ ဂျက်လေယာဉ်များ ရောင်းချရန် ကမ်းလှမ်းခဲ့ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Donny Ermawan Taufanto က ပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အကဲဖြတ်ကြည့်တော့ ဒီလေယာဉ်က ကောင်းတယ်။ ကျွန်တော်တို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး တတ်နိုင်တဲ့စျေးနှုန်းဖြစ်တယ်။ ဒါဆို ဘာလို့ မဝယ်ဘဲနေရမလဲ” ဟု မေးခွန်းထုတ် ပြောကြားခဲ့သည်။
ထို့အပြင် အင်ဒိုနီးရှားသည် မည်သည့်နိုင်ငံမှမဆို ကာကွယ်ရေးပစ္စည်းများ ဝယ်ယူနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သော်လည်း အစိုးရအနေဖြင့် အခြားသော သတ်မှတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ဥပမာ- လေတပ်၏ လက်ရှိပစ္စည်းများနှင့် လေယာဉ်အသစ်များကို မည်သို့ ပေါင်းစပ်အသုံးပြုမည်စသည့် ကိစ္စရပ်များ ပါဝင်ကြောင်းလည်း Donny က အလေးထား ပြောကြားခဲ့သည်။
“သူ့ရဲ့ စွမ်းဆောင်ရည်တွေ၊ ဘယ်လောက်အထိ ပျံသန်းနိုင်မလဲ၊ ဘယ်လိုလက်နက်အမျိုးအစားတွေကို တင်ဆောင်နိုင်မလဲဆိုတာတွေကို နောက်မှ ဆက်ကြည့်ရဦးမယ်” ဟု ၎င်းက ထပ်ဆင့် ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddin သည် ဘေဂျင်းသို့ သွားရောက်ခဲ့ပြီး တရုတ် ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် Zhang Youxia နှင့် တွေ့ဆုံခဲ့ပြီးနောက် တရုတ်နှင့် အင်ဒိုနီးရှားတို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။ နိုင်ငံနှစ်ခုသည် ယမန်နှစ် နိုဝင်ဘာလကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။
Ref, SCMP
