
၃.၆.၂၀၂၅.
translated by Htwe Ko Tun
ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့တို့ရဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဒုတိယအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၊ စီရာဂန်နန်းတော်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၂း၄၃ နာရီကနေ မွန်းလွဲ ၃း၅၇ နာရီ(GMT မွန်းလွဲ ၁၂း၅၇ နာရီ)အထိ တစ်နာရီကျော်ကြာ ကျင်းပခဲ့ကြပါတယ်။ ဒုတိယအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲမှာတော့ နှစ်ဖက်အဖွဲ့တွေဟာ အချိန်ကာလနဲ့ အခြေအနေတွေ စုရုံးပါဝင်တဲ့ ဖြေရှင်းမှုသဘောတူညီချက်စာချုပ်တွေကို အပြန်အလှန်လဲလှယ်ခဲ့ကြပြီး အကျဉ်းသားတွေ လဲလှယ်ရေးကိုလည်း သဘောတူခဲ့ကြပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ၊ သမ္မတလက်ထောက်ဖြစ်တဲ့ ဗလာဒီမာ မက်ဒင်စကီးက ရုရှားနိုင်ငံက ယူကရိန်းဘက်ကို အပိုင်းနှစ်ပိုင်းပါစာချွန်လွှာတစ်စောင် ပေးအပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက ရုရှားစာချွန်လွှာက အသေးစိတ်နဲ့ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဖော်ပြထားပြီး စာချွန်လွှာ ဒုတိယပိုင်းက အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းများစွာကို မျှော်လင့်ထားတယ်လို့ ဆိုခဲ့ပါတယ်။
မက်ဒင်စကီးက အအေးခံထားးတဲ့ ယူကရိန်းနိုင်ငံသား ၆,၀၀၀ ရဲ့ ရုပ်အလောင်းတွေကို တစ်ဖက်သတ် လွှဲပြောင်းပေးမယ်လို့လည်း ပြောခဲ့ပါတယ်။ ယူကရိန်းဘက်က လာမယ့်အပတ်မှာ လက်ခံမယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် နှစ်ဖက်စလုံးက ပြင်းထန်စွာ ဒဏ်ရာရရှိထားသူတွေနဲ့ ဖမ်းမိထားတဲ့ အသက် ၂၅ နှစ်အောက်စစ်သားတွေကို တစ်ဖက်လျှင် ဦးရေ ၁,၀၀၀ ထက်မနည်းဘဲ အကြီးစားဖလှယ်မှုကြီးတစ်ရပ်ပြုလုပ်ဖို့လည်း သဘောတူခဲ့တယ်လို့ မက်ဒင်စကီးက ပြောခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ဘက်က လူသေအလောင်းတွေကို စုဆောင်းနိုင်စေဖို့ နှစ်ရက်မှသုံးရက်ထိ အပစ်အခတ်ရပ်စဲကြဖို့ အဆိုပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် နှစ်ဖက်စလုံးက ကလေးသူငယ်တွေ ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ က ရုရှားဘက်ပြန်လိုတဲ့ ကလေးတွေအမည်စာရင်းကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီး ရပ်စတမ် ယူမီရော့ဗ်က ဇွန်လ ၂၀ ရက်မှ ဇွန်လ ၃၀ ရက်အကြားမှာ နောက်ထပ် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပဖို့ အဆိုပြုခဲ့တယ်လို့လည်း သဘောတူခဲ့ပါတယ်။နှစ်ဖက်စလုံးက သေဆုံးသူတွေရဲ့ အလောင်းတွေ လဲလှယ်ဖို့ သဘောတူခဲ့ကြတယ်ဆိုတာ ရပ်စတမ်က အတည်ပြုခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကလည်း ညှိနှိုင်းဆွေးနွေးပွဲမှာ စာချွန်လွှာတွေ နှစ်ဖက်ဖလှယ်ခဲ့ကြပြီး အကျဉ်းသားတွေလဲလှယ်ဖို့ ပြင်ဆင်နေတယ်ဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူကရိန်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့် ရှိသူ ဂျော်ဂျီတီကီက ယူကရိန်းအစိုးရအနေနဲ့ ရုရှားကပေးတဲ့ စာချွန်လွှာကိုလေ့လာပြီး ပြဌာန်းချက်တွေကို တုံ့ပြန်ပြောကြားသွားမယ်လို့ပြောခဲ့ပါတယ်။ ယူမီရော့ဗ်ကလည်း ယူကရိန်းအစိုးရအနေနဲ့ စာချွန်လွှာကိုစစ်ဆေးဖို့ တစ်ပတ်အချိန်ယူမယ်လို့ ပြောခဲ့ပါတယ်။
ညှိနှိုင်းဆွေးနွေးပွဲမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ ရုရှားဘာသာနဲ့ ဆက်သွယ်ပြောကြားခဲ့ကြ တယ်လို့ သိရပါတယ်။
Ref -Tass
