◾ NUG နှင့် PDF ကို လက်မခံသဖြင့် သတ်ဖြတ်ခံရသည့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၇၉ ဦးအထိ ဖြစ်လာ

MT News
၂. ၆. ၂၀၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာမှ အလယ်တန်းပြဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့အား PDF များက ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
PDF များအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာရှိ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အလယ်တန်းပြဆရာမဖြစ်သူ ဒေါ်သန်းညွန့် အသက် ၆၁ နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးသောင်းခင် အသက် ၅၉ နှစ် တို့သည် နေအိမ်၌ရှိနေစဉ် PDF များရောက်ရှိလာပြီး ဆရာမ ဒေါ်သန်းညွန့်အား သစ္စာမဲ့ဝန်ထမ်း(Disloyalty Civil Servant- DCS) ပြုလုပ်ရန်နှင့် ကျောင်းအပ် လက်ခံခြင်းအား ဆက်လက်မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုရာ ဆရာမ ဒေါ်သန်းညွန့် မှ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်အရေးအတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန် ကျေပ္ပန်လို၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ PDF များက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံအားပေးမှုမရှိသည့်အတွက် ၎င်းတို့ ၂ ဦးအား အဆိုပါကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့် အကွာသို့ အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်၍ လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၅ခုနှစ် ဇွန်လ ၁ ရက်ထိ အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေး ဝန်ထမ်း သေဆုံးသူ ၇၉ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် နိုင်ငံ့ဝန်ထမ်းကောင်းဆရာ၊ ဆရာမများအား PDF များနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းမဲ့ဖမ်းဆီးခေါ် ဆောင်သတ်ဖြတ်မှုများအား ပြည်သူလူထုအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက် ရှုတ်ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
