
၁. ၆. ၂၀၂၅
Written by Nyein Kyaw
ပို့ကုန်နှစ်ဆတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) စီမံကိန်းအသစ်ကို မကြာမီအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မေလ ၃၁ ရက်တွင် ပြုလုပ်သည့် ”ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစား ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် စကားဝိုင်းဆွေးနွေခြင်း အခမ်းအနား” တွင် ပြောကြားသည်။
ပို့ကုန်နှစ်ဆတိုးမြှင့် ဆောင်ရွက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်နေပြီး အထူးသဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ပူးပေါင်း၍ လယ်ယာကဏ္ဍ၊ သား/ငါးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားဝန်ဆောင်မှုကဏ္ဍ၊ CMP ကဏ္ဍတို့တွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“အဲဒီဆောင်ရွက်နေတာကိုလည်းပဲ ကျွန်တော်တို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဌာနပေါင်းစုံနဲ့ညှိနှိုင်းပြီးတော့မှ NES လို့ခေါ်တဲ့ National Export Strategy ရှိပါတယ်။ အဲဒီအမျိုးသားပို့ကုန်မဟာဗျူဟာပေါ့။ အဲဒါကိုလည်း ၂၀၂၆-၂၀၃၀ ကိုလည်း ဌာနပေါင်းစုံနဲ့ ရေးဆွဲနေပြီဖြစ်ပါတယ်။ မကြာခင် စီမံကိန်းအသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်းစီစဉ်နေတာရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။
ထို့ပြင် လုပ်ငန်းများ တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်ရန်အတွက် One Stop Service များ တည်ထောင်ပြီး လုပ်ငန်းများ မြန်သည်ထက် မြန်ဆန်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း အကြံပြုရရှိထားကြောင်း သိရသည်။
SAC အစိုးရတာဝန်ယူခဲ့သည့် လေးနှစ်တာအတွင်း စုစုပေါင်းကုန်သွယ်မှုပဏတွင် ကုန်သွယ်မှုပိုငွေပြခဲ့သည့်အပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံခန့်ရှိခဲ့သော်လည်း Non-Trade တွင် လိုငွေအများအပြားပြခဲ့သည့်အတွက် နိုင်ငံခြားငွေရှားပါးမှုကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ကုန်ထုတ်လုပ်မှုများ အဓိကပို့ကုန်အတွက် ကုန်ထုတ်လုပ်မှုများလည်း လျော့ကျနေခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရန် ပို့ကုန်နှစ်ဆအထိ မြှင့်တင်နိုင်ရန် စီမံကိန်းများချမှတ် အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သလို ပို့ကုန်ရငွေနှင့် သွင်းကုန်အပေါ်တွင် ချိန်ညှိဆောင်ရွက်နေရသော အခြေအနေလည်းဖြစ်သည်။
