
၁. ၆. ၂၀၂၅
Written by Tha Doe
ချန်ပီယံလိဂ်ဗိုလ်လုပွဲသမိုင်းတစ်လျှောက်မှာ ဘယ်အသင်းကမှ ပြိုင်ဘက်အသင်းကို ငါးဂိုးပြတ်သွင်းပြီး ဖလားရယူသွားတဲ့ မှတ်တမ်းမျိုး မရေးထိုးနိုင်ခဲ့ပေမဲ့ ဒီမှတ်တမ်းကို PSG အသင်းကတော့ လုပ်နိုင်သွားပါတယ်။
ဟုတ်ပါတယ်။ အခုမနက် ကန်သွားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG အသင်းဟာ အင်တာမီလန်အသင်းကို ငါးဂိုးပြတ်သွင်းပြီး MT News ခန့်မှန်းချက်အတိုင်း ဗိုလ်စွဲခဲ့ပြီး အကြီးမားဆုံးနိုင်ပွဲ ရယူသွားခဲ့ပါတယ်။

PSG အသင်းအဖို့ ပိုပြီး ဂုဏ်ယူရမယ့်အချက်အဖြစ်လည်း ဒီအကြီးဆုံးနိုင်ပွဲကို ဘောလုံးလောကရဲ့ GOAT မက်ဆီမပါ၊ လက်ရှိအကောင်းဆုံး ဘာပေမပါ၊ ကောင်းလှပါချည်ရဲ့ဆိုတဲ့ နေမာတို့မပါချိန်မှ ပထမဆုံးရခဲ့တာမို့ပါ။
ပြည်တွင်းပြည်ပ အဓိကကျတဲ့ ဖလားသုံးလုံးရဖူးတဲ့ မှတ်တမ်းကိုပါ ရေးထိုးနိုင်တဲ့ PSG ဟာ သက်ကြီးအရွယ်လွန် အင်တာအသင်းကို ရုပ်ပျက်ဆင်းပျက်ရှုံးစေမဲ့ ပွဲထွက်မှုအဖြစ် ဂိုးသမား ဒွန်နာရမ်မာ၊ နောက်တန်းမှာ ဟာကီမီ၊ မာကွင်စ်ဟို၊ ပါချို၊ မန်ဒက်စ်၊ အလယ်တန်းမှာ နဗ်ဗက်စ်၊ ဗီတင်ဟာ၊ ရုဇ်၊ ဒူအီ၊ ဒမ်ဘီလီ၊ ဗာရာစကယ်လီယာတို့ကို ၄-၃-၃ နဲ့ ပွဲထွက်ပြီး အင်တာကတော့ သူ့အကောင်းဆုံး လူစာရင်းကို ၃-၅-၂ နဲ့ ပွဲထွက်ခဲ့တာပါ။

ပွဲထွက်အသက်မှာ သက်ကြီးကစားသမားများနေတဲ့ အင်တာတို့ဟာ မက်ဆီ၊ ဘာပေ၊ နေမာမပါဘဲ ငါတို့ဖလားရရမယ်ဆိုတဲ့စိတ်နဲ့ ဘုရင့်နောင်ဖောင်ဖျက်လာတဲ့ PSG ကို ဘယ်လိုမှ မယှဥ်နိုင်ခဲ့သလို အင်းနရစ်ခ်ရဲ့ ပွဲထွက်ကစားသမားတွေကလည်း သူ့ယုံကြည်စိတ်ချရမှုအလကားမဖြစ်စေခဲ့ဘဲ လေးဂိုးအထိသွင်းပေးခဲ့ပြီး လူစားဝင်ကစားသမားထဲမှာတော့ မာယုလူကပဲ တစ်ဂိုးသွင်းပေးခဲ့တာပါ။
ဒီနေ့ပွဲမှာ ဖလားမရဘူးတဲ့ PSG က သမိုင်းသစ်ရေးဖို့ စိတ်အားထက်သန်နေတာ တွေ့ရပြီး ပွဲအစ ၁၂ မိနစ်မှာတင် ဟာကီမီက ဒူအီရဲ့ ပေးပို့မှုကို အသာအယာ ပိတ်သွင်းခဲ့သလို ဒီနေ့ပွဲမှာ ထူးရှယ်ခြေစွမ်းပြခဲ့တဲ့ ၁၉ နှစ်သား တိုက်စစ်မှူး ဒူအီက ပွဲချိန် မိနစ် ၂၀ မှာ ဒမ်ဘီလီရဲ့ ပေးပို့မှုကို ကန်သွင်းရာမှာ အင်တာနောက်ခံလူ ထိဝင်သွားပြီး ပထမပိုင်းပြီးခဲ့ပါတယ်။ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်ရောက်လာတဲ့ အင်တာတို့ ချေပဂိုးရဖို့ ကြိုးစားပေမဲ့ PSG ရဲ့ နုပျိုသန်စွမ်းမှုကို ဘယ်လိုမှ မလှန်နိုင်ဖြစ်နေချိန် ၆၃ မိနစ်မှာ ဒူအီကပဲ ဗီတင်ဟာပေးပို့မှုကနေ သူ့အတွက် ဒုတိယဂိုးရယူသွားပြီး PSG အဖို့ တတိယဦးဆောင်ဂိုးသွင်းလိုက်ချိန်မှာ အင်တာတို့အဖို့ အရာရာပြီးဆုံးသွားသလို စတုတ္ထဂိုးကို ဗာရာစကယ်လီယာကဒမ်ဘီလီရဲ့ပေးပို့မှုကနေ ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ အသာအယာကန်သွင်းယူပြီး ပဉ္စမဂိုးကိုတော့ လူစားဝင် ၁၉ နှစ်သား မာယုလူက ပွဲကစားချိန် ၈၆ မိနစ်မှာ ဆွန်းမားပိတ်ထားတဲ့ ထောင့်ကျဥ်းထဲ ကန်သွင်းယူသွားခဲ့တာပါ။ ဒီနေ့ပွဲမှာ ရှိတဲ့အရွယ်လွန်ကစားသမားတွေ အကောင်းဆုံးအသုံးချလာတဲ့ အင်ဇာဂီဟာ ၂၀၁၅ တုန်းက ဘာစီလိုနာနဲ့ ဖလားသုံးလုံးရဖူးတဲ့ မှတ်တမ်းကို PSG နဲ့ ထပ်ယူပြဖို့ စိုင်းပြင်းနေတဲ့ အင်းနရစ်ကို မတားဆီးနိုင်ခဲ့ဘဲ ဂိုးပြတ်ခြေပြတ်ရှုံးခဲ့တာပါ။

ဒါပေမဲ့ အရမ်းညံ့ခဲ့တာတော့မဟုတ်ဘဲ PSG ဂိုးပေါက်ကို ၈ ကြိမ် ခြိမ်းခြောက်ရာမှာ နှစ်ကြိမ် ဂိုးပေါက်တည့်ပြီး အင်တာတို့ ကံဆိုးတာက တစ်ဖက်ဂိုးသမားဟာ အိုနားနားမဟုတ်ဘဲ ဒွန်နာရမ်မာဖြစ်နေခဲ့တာပါ။
၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ အင်တာတို့အဖို့ ဒီနေ့ PSG အရှုံးက ပိုနာကျင်ခဲ့ရသလို အာဂျင်တိုင်းသားအသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဟာလည်း ခါတိုင်းလို အသင်းကို ဆွဲတင်နိုင်မှုမရှိဘဲ တစ်ကြိမ်တစ်ခါတောင်မှ အခွင့်အရေးမရခဲ့တာဟာ ပိုနာကျင်စရာဖြစ်ခဲ့ရတာပါ။

ဘယ်လိုပဲဖြစ်နေပါစေ ဒီရာသီမှာ ဖလားမရဖူးသူတွေ ဖလားရခဲ့ကြသလို PSG ကလည်း ချန်ပီယံလိဂ်ဖိုင်နယ်သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးနဲ့ အကြီးမားဆုံးနိုင်ပွဲကို အင်တာမီလန်ကို ကျော်ဖြတ်ပြီး လှလှပပ ခမ်းခမ်းနားနား ရယူသွားခဲ့ပါတယ်။ ပိုပြီး ခမ်းနားခဲ့တာက ဒီ အနိုင်ရလဒ်ကို GOAT ဆိုတဲ့ မက်ဆီ၊ ဘာပေ၊ နေမာတို့မပါဘဲ ၂၀ တောင်မပြည့်သေးတဲ့ ဒီနေ့ပွဲရဲ့ အကောင်းဆုံး Man Of The Match ဒူအီတို့လို လူငယ်ခြေစွမ်းနဲ့ဖြစ်ပြီး ဒီ အနိုင်ရလဒ်ဟာ ပြီးဆုံးသွားတာမဟုတ်ဘဲ ဆယ်စုနှစ်တစ်ခုလောက် ဘောလုံးကမ္ဘာကို သူတို့ကြီးစိုးတော့မယ်ဆိုတာ သတိပေးရင်းနဲ့မို့ ပိုပြီးတော့….. ။
