
၁. ၆. ၂၀၂၅
Written by Nyein Kyaw
လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများသည် ယခုအခါတွင် တိုးတက်မှုများစွာရှိလာပြီဖြစ်ပြီး အားလုံးစနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက် ကြည့်ရှု့စစ်ဆေးစဉ် ပြောကြားသည်။
လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ၂၀၂၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့မှုများကို စနစ်တကျဖြင့် မှတ်တမ်းတင်ထားရှိရန်လိုကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်း ဆောင်ရွက်ပေးရမည့် ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အနေဖြင့် လှိုင်သာယာမြို့နယ်အတွက် Town Plan နှင့် Developing Plan တို့ကို စနစ်တကျရေးဆွဲ အကောင်အထည်ဖော်သွားရန်လိုကြောင်း၊ လျှပ်စစ်မီးနှင့် ပတ်သက်၍လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီး ထုတ်လုပ်မှုစီမံချက်များကို ရေးဆွဲထားရှိရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများသည် ယခုအခါတွင် တိုးတက်မှုများစွာရှိလာပြီဖြစ်ပြီး အားလုံးစနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရန်ကုန်-ပုသိမ်လမ်းနှင့် ညောင်တုန်းလမ်းတို့သည် လမ်းမကြီးများဖြစ်သဖြင့် ပြည်သူများ စနစ်တကျ သွားရောက်နိုင်ရေး လူသွားစင်္ကြံများကို အဆင့်မီမီ ဆောင်ရွက်သွားရန်လိုကြောင်း၊ လူကူးတံတားများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီသာ ဆောက်လုပ်သွားရန်လိုကြောင်း၊ လူသွားစင်္ကြံများပေါ်၌ တည်ရှိနေသည့် လျှပ်စစ်ဓာတ်အားတိုင်များအား စနစ်တကျဖြင့် ကင်းလွတ်ရာသို့ ပြောင်းရွှေ့စိုက်ထူသွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြို့နယ်သာယာလှပရေးအတွက် အမှိုက်သရိုက်စွန့်ပစ်မှုများ စနစ်တကျရှိစေရေး သက်ဆိုင်ရာစည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ် ဖွံဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းတစ်ရပ်ကို စနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ လူနေထိုင်မှုများပြားသည့် မြို့နယ်တစ်ခုဖြစ်သဖြင့် လူဦးရေနှင့်ကိုက်ညီသည့် ဈေး၊ ကျောင်း၊ အုပ်ချုပ်မှုဌာနများ၊ အပန်းဖြေအားကစားကွင်းများကို စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
