
၃၀.၅.၂၀၂၅
Written By Zun
ငလျင်သင့်အဆောက်အဦကို ဖြိုဖျက်နေစဉ် အလုပ်သမား နှစ်ဦး ဒဏ်ရာရမှု မန္တလေးတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)က သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မေလ ၃၀ ရက် နေ့လယ်ပိုင်းက ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားတွင် တည်ရှိသော ငလျင်ဒဏ်သင့်အဆောက်အဦကို ဖြိုချရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ရုတ်တရက်ထပ်မံပြိုကျသဖြင့် အမျိုးသားလုပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားခြင်း ဖြစ်ကြောင်း သိရသည်။

“အဆောက်အအုံရဲ့ အပေါ်က စလက်ပြိုကျတာ၊အလုပ်သမား နှစ်ယောက် ဒဏ်ရာရပေမဲ့ မစိုးရိမ်ရဘူး။ ဒီလို အဆောက်အအုံတွေကို ဖြိုဖျက်တဲ့ခါ အန္တရာယ်ရှိတယ်။ အခုက ကံကောင်းလို့ မသေတာပေါ့။ ဒဏ်ရာ မများပေလို့ပေါ့ဗျ။ လုပ်ကိုင်တဲ့အခါ နည်းစနစ်ကျဖို့ လိုတယ်လို့ မြင်တယ်”ဟု မန္တလေး ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ဖြိုဖျက်ရေးလုပ်ငန်းလုပ်ဆောင်စဉ် စလက်ပြိုကျကာ အလုပ်သမားနှစ်ဦး၏ ခြေထောက်ပေါ်သို့ ပိနေသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းအမြန်လုပ်ဆောင်ခဲ့ကြသောကြောင့် မိနစ်ပိုင်းတွင် ခြေထောက်ကို ဆွဲထုတ်နိုင်သည့်အတွက် အသက်အန္တရာယ်က ကင်းလွတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောက်လုပ်ရေးအလုပ်သမားနှစ်ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(ချမ်းအေးသာဇံမြို့နယ်ရုံး)၏လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
