၃၀. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ဘန်ကောက်မြို့ရဲ့ ၉၃ မိုင်အကွာ လော့ပ်ဘူရီပြည်နယ်မှာ ကြေကွဲစရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး ပေါက်တူးနဲ့ တိုက်ခိုက်တဲ့ သားဖြစ်သူကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ဖခင်က ပွိုင်သာတီအိတ်ကယ်လီဘာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
ဖြစ်စဉ်ဟာ မေလ ၂၈ ရက်၊ ည ၉ နာရီ ၅ မိနစ်က လော့ပ်ဘူရီပြည်နယ်၊ သာလုံခရိုင်၊ မူအမ်င်းမြို့နယ်ခွဲမှာဖြစ်ပွားခဲ့ပြီး ညီမဖြစ်သူဆီကနေ ပိုက်ဆံတောင်းတာကို ဖခင်က ဆုံးမရာကနေ လက်နက်တွေနဲ့ တိုက်ခိုက်တဲ့ အကြမ်းဖက်မှု ဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့ဆီ သတင်းရရှိခဲ့တာကြောင့် သာလုံရဲစခန်းရဲ့ ဒုရဲမှူးကြီး သီရာချိုင် ကလင်းကိုဆမ်က ရဲမှူးပန်သပ် ပနစ်ချ်ကို အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူတွေက မှုခင်းဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စုံစမ်းစစ်ဆေးရေးမှူးတွေ၊ ဆေးဝန်ထမ်းတွေ၊ ဖောင်ဒေးရှင်းစေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး မိသားစုဝင်တွေအကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှု အခြေအနေကို ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။
အခင်းဖြစ်ပွားရာကို တာဝန်ရှိသူတွေ ရောက်လာတဲ့အခါ အသက် ၆၀ အရွယ် သောင်ဘိုင်ပန်းဒ်ဟာ ဘောင်းဘီတိုတစ်ထည်ပဲ ဝတ်ထားပြီး သားဖြစ်သူတိုက်ခိုက်တဲ့ ပေါက်တူးဒဏ်ရာတွေကြောင့် သွေးအများအပြား ထွက်နေတဲ့ ဒဏ်ရာပြင်းထန်စွာ ရရှိထားတာကို တွေ့ရပါတယ်။ သူ့ကို အရေးပေါ်ဌာနက ရှေးဦးသူနာပြုစုပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
အိမ်ထဲမှာတော့ သားဖြစ်သူ အသက် ၃၀ အရွယ် ဘတ်ဒ်ပန်းဒ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပါတယ်။ သူကလည်း ဘောင်းဘီတစ်ထည်ပဲ ဝတ်ထားပြီး နဖူးကို သေနတ်နဲ့တစ်ချက် ပစ်ခံထားရတာကြောင့် ပွဲချင်းပြီးသေဆုံးနေတာ ဖြစ်ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သေဆုံးသူဘတ်ဒ်ပန်းဒ်ဟာ သူ့ရဲ့ ညီမဆီကနေ ပိုက်ဆံတောင်းဖို့ ချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ပိုက်ဆံပေးဖို့တောင်းဆိုနေစဉ်မှာ ဖခင်ဖြစ်သူ သွန်ဘိုင်က သားဖြစ်သူရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ အပါအဝင် မကောင်းတဲ့ အပြုအမူတွေအတွက် သတိပေးဖို့ ကြားဝင်ခဲ့ပါတယ်။ ဒီဆုံးမစကားကြောင့် ဘတ်ဒ်က ဒေါသထွက်ပြီး သူ့ဖခင်ကို ပေါက်တူးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သွန်ဘိုင်ဟာပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ခေါ့ဆော့ဒ်သတင်းဌာနရဲ့ ဖော်ပြချက်အရ သွန်ဘိုင်ဟာ ပေါက်တူးနဲ့ တိုက်ခိုက်ခံရတဲ့ အခြေအနေကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ နောက်ဆုတ်ပြီး သေနတ်ထုတ်ကာ သူ့သားဘတ်ဒ်ကို ပစ်ခတ်ခဲ့တာကြောင့် ဘတ်ဒ်ဟာ အိမ်ထဲမှာ သေဆုံးခဲ့ရပါတယ်။
ကနဦးမှာ သွန်ဘိုင်ဟာ သားဖြစ်သူကြောင့် ရထားတဲ့ ပေါက်တူးဒဏ်ရာတွေ ပြင်းထန်မှုကြောင့် ထွက်ဆိုချက်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့က မှုခင်းဖြစ်ပွားရာနေရာကို မှတ်တမ်းတင်ပြီး ဥပဒေအရ အရေးယူနိုင်ဖို့ သက်သေအထောက်အထားတွေ စုဆောင်းခဲ့ပါတယ်။ ဒီအတောအတွင်း မိသားစုကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာထွက်ဆိုချက်မှ မပေးသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းနိုင်ငံ၊ အမ်နတ်ချရို၀န်ပြည်နယ်၊ ချာနုမန်ခရိုင်မှာ ဖခင်က သားကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီဖြစ်ရပ်မှာလည်း သားဖြစ်သူက မက်သာဖက်တမင်းမူးယစ်ဆေးအလွန်အကျွံသုံးစွဲပြီး သူ့ဇနီး (သားဖြစ်သူ၏မိခင်နဲ့ (ဖခင်၏မိခင်)မိခင်ကို အကြမ်းဖက် တိုက်ခိုက်ခဲ့လို့ ပစ်ခတ်ရကြောင်း ဖြေရှင်းခဲ့ပါတယ်။
Ref, The Thaiger
