◼ အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက်အဆောက်အဦတစ်လုံးလျင် ငွေကျပ်သိန်း ၂၀၀၀၀ နှုန်းဖြင့် အလုံးပေါင်း ၅၁ လုံးအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၂၃ သိန်းကျော်အထိ ရရှိခဲ့





MT News
၂၉. ၅. ၂၀၂၅
မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ဒုတိယအကြိမ်မြောက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ပထမအကြိမ်ထက် များပြားသော အလှူငွေများကို ပြည်သူများက ပေးအပ်လှူဒါန်းမှုအား လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားအစီအစဉ်အရ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များ၊ အခမ်းအနားတက်ရောက်လာကြသူများသည် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်တွင် ဖြစ်ပွားခဲ့သည့် မြေ ငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုတွင် ထိခိုက်မှုရှိခဲ့ပြီး (၆) ခုတွင် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရကြောင်း၊ ထိုကဲ့သို့ ဘေးဒုက္ခကြုံတွေ့နေရသည့် ပြည်သူများအတွက် စေတနာရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြခြင်းဖြစ်သည့်အတွက် ယနေ့အခမ်းအနားသည် မင်္ဂလာရှိသည့် အခမ်းအနားပင်ဖြစ်ကြောင်း ပြောကြားသည်။
မိမိတို့မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ရေကြီးရေလျှံမှု၊ မုန်တိုင်းဝင်ရောက်မှု၊ မိုးခေါင်ရေရှားမှုများအနေဖြင့် နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ်များအတွင်း၌လည်း ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်းနှင့် ၂၀၂၄ ခုနှစ်တွင် ရာဂီ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် (၈) ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ ယခု ၂၀၂၅ ခုနှစ်တွင်လည်း ပြင်းအား ၇ ဒသမ ၇ ရှိသည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သောကြောင့် နိုင်ငံတော်အနေဖြင့် ဆုံးရှုံးခဲ့ရမှုများ များစွာရှိခဲ့သကဲ့သို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီနှင့် မိသားစုများ၌လည်း ထိခိုက်နစ်နာဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း၊ ငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုတွင်ရှိသည့် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃,၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅,၁၀၄ ဦး ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ နေအိမ်၊ အဆောက်အဦနှင့် အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ်ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် ၃,၈၀၄ ဒသမ ၅၄၉ ဘီလျံ ဖြစ်ကြောင်း၊ မတ်လ (၂၈) ရက် ငလျင်လှုပ်ခတ်ပြီးချိန်၌ ငလျင်ဘေးသင့်ဒေသများနှင့် ထိခိုက်ဒဏ်ရာရလူနာများအား ဆေးရုံ၌ ကုသပေးနေမှုများကို မိမိကိုယ်တိုင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း၊ ငလျင်ဘေးသင့်ဒေသများသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်မှာ ယနေ့အထိ စုစုပေါင်း ၁၅ ကြိမ်ရှိခဲ့ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့် စီမံလမ်းညွှန်မှုများပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင်လည်း အဆင့် (၅) ဆင့် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းအင်အားစုများ အပြည့်အဝပါဝင်ခဲ့ကြကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံများမှ လာရောက်ကူညီကြသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆောက်အအုံများအတွင်း ပိတ်မိနေသူ ၆၅၃ ဦးကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၈၀၆ ဦးကို ဖော်ထုတ်ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ ငလျင်ဘေးတုံ့ပြန်ရေး ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre- DMC) ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင်ရှိသည့် လုပ်ငန်းကော်မတီများအလိုက် တုံ့ပြန်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘေးသင့်ပြည်သူများအတွက် လတ်တလောယာယီနေထိုင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ သောက်သုံးရေလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ဈေးကားဖြင့် လှည့်လည်ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့အပြင် အရေးပေါ်လိုအပ်ချက်ဖြစ်သည့် ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် မိုးမက်မီ ယာယီအမိုးအကာအောက် ရောက်ရှိစေရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ယာယီကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ၊ ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခုကဲ့သို့တုံ့ပြန်မှုများ ဆောင်ရွက်သည့်အခါတွင် နိုင်ငံတကာကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ AHA Centre ၊ ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ လာအိုနိုင်ငံ၊ Singapore Red Cross Society၊ နီပေါနိုင်ငံ၊ UAE နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပေးပို့လှူဒါန်းသည့် အလှူပစ္စည်းများကို ငလျင်ဘေးသင့်ဒေသများတွင်ရှိသည့် လိုအပ်နေသည့် ပြည်သူများထံသို့ အချိန်မဆိုင်းဘဲ ဖြန့်ခွဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တိုင်းဒေသကြီး ပြည်နယ်များ၌ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ထောက်ပံ့ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အပျက်အစီးများ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်ကာလဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုလိုအပ်သောကြောင့် တပ်မတော်အနေဖြင့် ဧပြီလ (၂) ရက်မှစပြီး ယခုမေလကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ သတ်မှတ်ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့်လည်း ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီး လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ၌လည်း လက်ရှိကြုံတွေ့နေရသည့် ဘေးအန္တရာယ်များအပြင် နောင်ဖြစ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ်များအတွက်ပါ ကြိုတင်ထည့်သွင်းစဉ်းစားပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်အတွက် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံဆောင်ရွက်ခဲ့မည်ဆိုပါက သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲရသည့် ကုန်ကျစရိတ်ထက် (၇) ဆခန့် လျော့နည်းသက်သာစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ ကြံ့ကြံ့ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက သဘာဝဘေးကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားဖွံ့ဖြိုးတိုးတက်မှုများ မဆုံးရှုံးစေရေးအတွက်ကိုပါ အကျိုးရှိစေမည်ဆိုသည်ကို အသိပေးလိုကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရေတိုရေရှည်အစီအမံများချမှတ်ပြီး မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် ပြန်လည်ထူထောင်မှုဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ အင်အားတစ်ခုတည်းဖြင့် ဆောင်ရွက်ရန် အကန့်အသတ်များရှိသောကြောင့် ယခုကဲ့သို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ ငလျင်ဘေးသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်နှင့် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့အပြင် ဧပြီလ (၁) ရက်နေ့၊ ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ပြည်တွင်းပြည်ပစေတနာရှင်၊ အလှူရှင်များက ကျပ်ငွေ ၁၁၂ ဒသမ ၈၇ ဘီလျံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလျံ၊ စုစုပေါင်းငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလျံလှူဒါန်းခဲ့ကြကြောင်း ပြောကြားသည်။
ထို့အပြင် ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင်လှူဒါန်းမှုအနေဖြင့် အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက်အဆောက်အဦတစ်လုံးလျင် ငွေကျပ်သိန်း ၂၀၀၀၀ နှုန်းဖြင့် အလုံးပေါင်း ၅၁ လုံးအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၂၃၁၄၉၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။
