
MT News
၂၉. ၅. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးကို ရွှေတန်းမြေ PDF တစ်နေ့တည်း သတ်ဖြတ်လိုက်မှု မေလ ၂၇ ရက်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးချစ်လင်းကို(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့မှ PDF သုံးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ ဆိုင်ကယ် တစ်စီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MT News
ထိုအပြင် အဆိုပါ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့မှ PDF သုံးဦးသည် လက်ပံတန်းမြို့နယ်၊ ရေနောက်ရွာသစ်ကျေးရွာသို့ ဆက်လက်သွားရောက်ပြီး အဆိုပါ ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးထွန်းထွန်းဝင်း(၄၅)နှစ်အား ကမ်းပြိုကြီး-ရွာသစ်ကျေးရွာသွား ကားလမ်းဘေး၌ ရှိနေစဉ် ဦးချစ်လင်းကိုအား သတ်ဖြတ်လုယက်လာသော ဆိုင်ကယ်အပါအဝင် ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဦးထွန်းထွန်းဝင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။
