
၂၉. ၅. ၂၀၂၅
Translated by Thettant
တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်ပိုင်းမြို့ ပိုဟန်ရှိ တောင်ပေါ်တွင် ပင်လယ်ပြင်ကင်းလှည့် လေယာဉ် ယနေ့နေ့လယ်ပိုင်းက ပျက်ကျမှုဖြစ်စဉ်အတွင်း လေယာဉ်ပေါ် လိုက်ပါလာသည့် ရေတပ်အရာရှိလေးဦးစလုံး သေဆုံးခဲ့ကြောင်း ရေတပ်က ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျမှုသည် ယနေ့ နေ့လယ် ၁ နာရီ ၄၉ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး မျက်မြင်သက်သေများက ပေါက်ကွဲသံများနှင့်အတူ တောင်ပေါ်မှ မီးခိုးများ ထွက်ပေါ်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
“ပိုဟန်ရှိ လေတပ်အခြေစိုက်စခန်းမှ နေ့လယ် ၁ နာရီ ၄၃ မိနစ်တွင် လေ့ကျင့်ရေးသင်တန်းပြုလုပ်ရန် ထွက်ခွာလာသော P-3 ပင်လယ်ပြင်ကင်းလှည့်လေယာဉ်သည် ဖြစ်စဉ်အတိအကျမသိရသေးသော အခြေအနေကြောင့် ပျံတက်ပြီး မကြာမီ နေ့လယ် ၁ နာရီ ၄၉ မိနစ်ခန့်တွင် လေတပ် အခြေစိုက်စခန်းအနီးနေရာတစ်ခု၌ ပျက်ကျခဲ့သည်” ဟု ရေတပ်က ပြောကြားခဲ့သည်။
လေယာဉ်ပေါ်တွင် တာဝန်ကျ အရာရှိနှစ်ဦးနှင့် တာဝန်ကျမဟုတ်သောအရာရှိနှစ်ဦး စုစုပေါင်းလေးဦး လိုက်ပါလာခဲ့သည်။ ရေတပ်ကမူ အရာရှိ လေးဦးစလုံး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အရာရှိများ၏ ကိုယ်ရေးအချက်အလက်များကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါလေယာဉ်သည် ပုံမှန်အားဖြင့် တောင်ဘက် ဂျေဂျူးကျွန်းရှိ ရေတပ်ယူနစ်တွင် အခြေစိုက်သော်လည်း လေ့ကျင့်ရေးအတွက် ပိုဟန်သို့ ပျံသန်းလာခြင်းဖြစ်ကြောင်း ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထို့အပြင် ရေတပ်က အသေးစိတ်စုံစမ်းစစ်ဆေးရန် စုံစမ်းရေးယူနစ်တစ်ခုကို ဖွဲ့စည်းထားပြီး P-3 ပင်လယ်ပြင်ကင်းလှည့်လေယာဉ်များကို ပြန်လည်ရပ်နားထားကြောင်း ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျမှုကြောင့် အရပ်သား ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း သိရသည်။
တောင်ကိုရီးယား ယာယီသမ္မတ လီဂျူဟိုသည် ယာယီကာကွယ်ရေးဝန်ကြီး ကင်မ်ဆွန်းဟိုထံမှ လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းပြချက်ကို လက်ခံရရှိခဲ့ပြီး ခရီးသည်များကို ကယ်ဆယ်ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ထပ်မံမဖြစ်ပွားစေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရန် ၎င်း၏ရုံးက တိုက်တွန်းခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားရေတပ်တွင် P-3 လေယာဉ် ၁၆ စီး ရှိပြီး ၎င်း၏ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စွမ်းရည်ကြောင့် “Submarine Killer” ဟု တင်စားခေါ်ဝေါ်ကြသည်။ P-3C ဟုခေါ်သော လေယာဉ် ၁၆ စီးအနက် ပထမဆုံး ၈ စီးကို ၁၉၉၅ ခုနှစ်တွင် တပ်ဖြန့်ချခဲ့ပြီး ကာကွယ်ရေးကုမ္ပဏီ Korea Aerospace Industries Ltd. မှ ပြုပြင်မွမ်းမံထားသော P-3CK ဟု အမည်ပေးထားသည့် နောက်ထပ် ၈ စီးကိုလည်း ဆက်လက်တပ်ဖြန့်ချခဲ့သည်။
ယနေ့ ပျက်ကျခဲ့သော လေယာဉ်သည် ပိုဟန်နှင့် ဂျေဂျူးတို့တွင် အသုံးပြုနေသည့် P-3CK လေယာဉ် ၈ စီးအနက်မှ တစ်စီးဖြစ်သည်။ ယခုဖြစ်ပွားခဲ့သော မတော်တဆမှုသည် စစ်တပ်မှ တပ်ဖြန့်ချထားသော P-3 လေယာဉ်များနှင့် ပတ်သက်၍ ပထမဆုံး သိရှိရသည့် ပျက်ကျမှု ဖြစ်သည်။
Ref , Yonhap Agency
