◼ ကမ္ဘာ့အဆင်းရဲဆုံး ၇၅ နိုင်ငံအဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ကြွေးမြီပြန်ဆပ်ရမှုများက ၂၀၂၅ ခုနှစ်တွင် ဒီလှိုင်းလုံးကြီးနှင့် ကြုံရသည့်သဖွယ်ရှိမည်ဟု လေ့လာချက်တစ်ရပ်က သတိပေး

၂၇.၅.၂၀၂၅.
translated by Htwe Ko Tun
သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့ အခြေစိုက်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လေ့လာသုံးသပ်မှုပညာရှင်အဖွဲ့ဖြစ်တဲ့ Lowy Institute ရဲ့ မေလ ၂၇ ရက်က လေ့လာချက်တစ်ရပ်မှာ ကမ္ဘာ့အဆင်းရဲဆုံး ၇၅ နိုင်ငံအဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သူတို့ရဲ့ချေးငွေတွေအတွက် ကြွေးမြီပြန်ဆပ်ရမှုတွေက ၂၀၂၅ ခုနှစ်မှာ ဆိုရင် ဒီလှိုင်းလုံးကြီးနှင့် ကြုံရသည့်သဖွယ် အခက်အခဲနဲ့ကြုံတွေ့ရလိမ့်မယ်လို့ သတိပေး ဖော်ပြထားခဲ့ပါတယ်။
လေ့လာအကဲဖြတ်ချက်က အဲဒီနိုင်ငံ ၇၅ နိုင်ငံအဖို့ တရုတ်နိုင်ငံကို ၂၀၂၅ ခုနှစ်ထဲမှာ ကြွေးမြီပြန်ဆပ်ငွေအမေရိကန်ဒေါ်လာ ၂၂ ဘီလျံအထိ စံချိန်တင်မြင့်မားစွာပေးဆပ်ကြရဖို့ရှိတာကြောင့် သူတို့အတွက် အခက်အခဲ ဒုက္ခဖြစ်ကြရဖွယ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ကမ္ဘာပေါ်မှာ ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း ကြွေးမြီပြန်ဆပ်ငွေက ဒေါ်လာ ၃၅ ဘီလျံသာရှိမှာဖြစ်လို့ ဒီနိုင်ငံ ၇၅ နိုင်ငံရဲ့ကြွေးမြီပြန်ဆပ်ငွေက ကြီးမားတဲ့ပမာဏနဲ့ ရပ်တည်နေမယ်လို့ Lowy Institute ရဲ့ လေ့လာချက်ကဆိုခဲ့ပါတယ်။
အခုအချိန်ကာလနဲ့ ဒီဆယ်စုနှစ်ရဲ့ ကျန်သေးတဲ့ကာလမှာလည်း တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲကမ္ဘာအပေါ် ဘဏ်လုပ်ငန်းရှင်တစ်ဦးထက်ပိုပြီး ကြွေးမြီစုဆောင်းရယူသူဖြစ်မယ်လို့ လေ့လာချက်က ဆိုပါသေးတယ်။ အခုလိုကြွေးမြီပြန်ဆပ်ငွေအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်ဖိအားတွေသက်ရောက်တာက ဒီနိုင်ငံတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးရန်ပုံငွေအပြင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု လျော့ပါးသက်သာစေရေး ရန်ပုံငွေတွေမှာပါ အခက်အခဲအခြေအနေတွေဖြစ်လာစေနိုင်တာလို့လည်း လေ့လာချက်က သုံးသပ်ခဲ့ပါတယ်။
လေ့လာချက်က ကမ္ဘာ့နိုင်ငံတွေအဖို့ ခက်ခဲကျပ်တည်းတဲ့ စီးပွားရေးဖိအားအောက်ရောက်နေကြချိန်မှာကြီးမားလှတဲ့ အသားတင်ငွေကြေးဆိုင်ရာစီးထွက်မှု ကို ဖန်တီးရမယ့်အစား တရုတ်နိုင်ငံရဲ့ချေးငွေက လိုအပ်မှုအများဆုံးဖြစ်နေချိန်မှာ စီးပွားရေးကိုပြိုလဲစေခဲ့တာပဲလို့လည်း သုံးသပ်ခဲ့ပြန်ပါတယ်။
နိုင်ငံတော်က ကျောထောက်နောက်ခံပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက်(BRI) အရ ကျောင်းတွေ၊ တံတားတွေနဲ့ ဆေးရုံတွေ၊ လမ်းမကြီးတွေ၊ သင်္ဘောဆိပ်၊ လေဆိပ်တွေ တည်ဆောက်ဖို့ တရုတ်သမ္မတရှီကျင့်ဖိန်က လက်မှတ်ထိုးပြီး ချေးငွေအများအပြားပေးခဲ့တာပါ။ တရုတ်နိုင်ငံဟာ ၂၀၀၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက် စီမံကိန်းတွေအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုချေးငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၂၄၀ အသုံးပြုခဲ့တယ်လို့လည်း လေ့လာတွေ့ရှိရပါတယ်။
ဒီလိုချေးငွေတွေကြောင့် တရုတ်နိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ အထိရှိခဲ့ကာ ကမ္ဘာ့အကြီးမားဆုံးနှစ်နိုင်ငံအကျိုးတူချေးငွေတွေ ထုတ်ပေးတဲ့နိုင်ငံဖြစ်လာပါတယ်။ ထိုနှစ်က တရုတ်နိုင်ငံရဲ့ချေးငွေစုစုပေါင်းက အနောက်အုပ်စုမြီရှင်တွေအားလုံးထုတ်ချေးတဲ့ ချေးငွေ ထက်တောင်များခဲ့ပါသေးတယ်။
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက် ချေးငွေ တွေကလည်း အစိုးရတွေအနေနဲ့ ပုဂ္ဂလိက ဒါမှမဟုတ် တခြားနိုင်ငံအစိုးရတွေ ကျောထောက်နောက်ခံပြုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရရှိဖို့ ခက်ခဲရုန်းကန်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အခြေခံအားဖြင့် အလေးထားဆောင်ရွက်တာပါ။ ဒီဆောင်ရွက်မှု အလေ့အထက တရုတ်နိုင်ငံရဲ့လွှမ်းမိုးနိုင်မှုနဲ့ သြဇာထိန်းချုပ်နိုင်မှုတို့တိုးမြင့်လာစေဖို့ စိုးရိမ်ရတဲ့အပြင် တရုတ်အစိုးရအနေနဲ့ ချေးငွေလက်ခံရရှိတဲ့နိုင်ငံတွေမှာ ကြွေးဆပ်ဖို့ဝန်ဆောင်မှုမပြုနိုင်သောနိုင်ငံတွေကို ကြွေးမြီနွံထဲ ပိတ်မိနေအောင်ဆောင်ရွက်နေတာပဲလို့ စွပ်စွဲချက်တွေလည်းရှိခဲ့ပါတယ်။ ဧပြီလအတွင်း Lowy Institute ရဲ့ အခြားလေ့လာချက်တစ်ခုအရ လာအိုနိုင်ငံဟာ အခုဆိုရင် ပြင်းထန်လှတဲ့ကြွေးမြီအကျပ်အတည်းမှာ လှောင်ပိတ်မိနေရပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကလည်း ပြည်တွင်းစွမ်းအင်ကဏ္ဍမှာ အများအားဖြင့် တရုတ်နိုင်ငံမှချေးငွေတွေနဲ့ဖြစ်တဲ့ လွန်ကဲစွာရင်းနှီး မြှုပ်နှံမှုကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါ တယ်။
တရုတ်အစိုးရကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သူ့ရဲ့ချေးငွေတွေက ကြွေးမြီထောင်ခြောက်တွေကို တမင် ဖန်တီးဖို့ဆောင်ရွက်တာပဲဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။ လက်ခံရရှိသည့်နိုင်ငံတွေကလည်း တရုတ်နိုင်ငံဟာ ပိုမိုယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပြီး တခြားနိုင်ငံတွေက ငြင်းဆိုတဲ့အခါတွေမှာတောင် အရေးကြီးတဲ့ချေးငွေတွေကို ကမ်းလှမ်းခဲ့တယ်လို့ ပြောခဲ့ကြတယ်ဆိုပါတယ်။
ဒါပေမယ့် Lowy Institute ရဲ့ အစီရင်ခံစာမှာတော့ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရရဲ့ ပြည်ပ အထောက်အပံ့ပေးမှုတွေကို ကြီးမားစွာဖြတ်တောက်မှုပြုနေချိန်မှာ တရုတ်နိုင်ငံအဖို့ သူ့ရဲ့စံချိန်တင်မြင့်မားတဲ့ ကြွေးမြီကို ‘နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုရှိစေရေး’ အတွက် အသုံးပြုနိုင်ပြီလို့ ဆိုခဲ့ပါတယ်။
အစီရင်ခံစာက ဟွန်ဒူးရပ်စ်နိုင်ငံ၊ နီကာရာဂွာနိုင်ငံ၊ ဆော်လမွန်ကျွန်းနိုင်ငံ၊ ဘာကီနာဖာဆိုနိုင်ငံနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတွေကို တရုတ်က ကြီးမားတဲ့ချေးငွေတွေပြုလုပ်ခဲ့အပြီးမှာတော့ ထိုနိုင်ငံတွေအားလုံးက တရုတ်တိုင်ဝမ်ကို သံတမန်ရေးအရ အသိအမှတ်ပြုနေတာကို ၁၈ လအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ပြောင်းလဲအသိအမှတ်ပြုခဲ့ကြတာကို မီးမောင်းထိုးပြခဲ့ပါတယ်။
တရုတ်နိုင်ငံက ပါကစ္စတန်၊ ကာဇက်စတန်၊ လာအိုနဲ့ မွန်ဂိုလီးယားတို့အပါအဝင် မဟာဗျူဟာ မိတ်ဖက် နိုင်ငံတချို့နဲ့ အာဂျင်တီးနား၊ ဘရာဇီးနဲ့ အင်ဒိုနီးရှားတို့လို အရေးပါတဲ့ တွင်းထွက်ပစ္စည်းတွေနဲ့ သတ္တုတွေကို ထုတ်လုပ်တဲ့နိုင်ငံတွေကိုလည်း ငွေကြေးထောက်ပံ့မှုတွေ ဆက်လက်ပြုလုပ်ပေးနေပါတယ်။
ဒါပေမယ့်လည်း အခုအချိန်အခါမှာ ဆင်းရဲတဲ့နိုင်ငံတွေဆီမှာ ရေရှည်ဆက်လက်မထားနိုင်တော့တဲ့ ကြွေး မြီတွေပြန်ရဖို့ သံတမန်ရေးအရ ဖိအားပေးမှုနဲ့ တရုတ်နိုင်ငံရဲ့ကိုယ်ပိုင်စီးပွားရေးကျဆင်းမှုအကြား ကြွေးမြီတွေပြန်ရဖို့ ပြည်တွင်းမှဖိအားပေးမှုတွေအလယ်မှာ တရုတ်အစိုးရအဖို့ ကသိကအောင့် အနှောင့်အယှက်ဖြစ်ရတဲ့အခြေအနေပါပဲလို့ဆိုရမှာပါ။
တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက် နဲ့ပတ်သက်လို့ အချက်အလက်အနည်းငယ်သာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး Lowy Institute အနေနဲ့ ကမ္ဘာ့ဘဏ်စရင်းဇယားတွေကို အခြေခံခန့်မှန်း ထားတာပါ။
ဒါကြောင့်လည်း တရုတ်နိုင်ငံရဲ့ ပြည်ပကိုချေးငွေပမာဏက အမှန်ထက်လျော့နေဖွယ်ရှိတယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှ သုတေသနအဖွဲ့ဖြစ်တဲ့ AidData ရဲ့ ခန့်မှန်းချက်အရဆိုရင် တရုတ်နိုင်ငံမှာ ပြန်လည်ရရှိဖို့အတွက် ကြွေးမြီ အမေရိကန်ဒေါ်လာ ၃၈၅ ဘီလျံခန့်အထိရှိတယ်လို့ ဆိုပါတယ်။
Ref- The Guardian
