၂၈. ၅. ၂၀၂၅
Written by Nyein Kyaw
စက်သုံးဆီဈေးနှုန်းများ ပြန်မြင့်တက်လာခဲ့၍ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုဘဏ္ဍာနှစ်အစ ဧပြီလ ၇ ရက်တွင် ဒေါ်လာသန်း ၃၀၊ ဧပြီလ ၂၂ ရက်တွင် ၂၅ သန်းနှင့် ဧပြီလ ၃၀ ရက်တွင် ဒေါ်လာ ၃၈ သန်း ရောင်းချပေးခဲ့သဖြင့် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သည်။
မေလဆန်းပိုင်းတွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ပြန်မြင့်တက်လာသဖြင့် မေလ ၆ ရက်တွင် ဒေါ်လာ ၃၃ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ နှင့် မေလ ၁၃ ရက်တွင် ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးခဲ့၍ စက်သုံးဆီဈေးနှုန်း ပြန်ကျဆင်းလာခဲ့သည်။
သို့သော် ယခု မေလ ၂၃ ရက်မှ စတင်၍ စက်သုံးဆီဈေးများ ပြန်မြင့်တက်ခဲ့ပြီး အမျိုးအစားအပေါ်မူတည်ကာ တစ်လီတာလျှင် ကျပ် ၁၂၀ မှ ကျပ် ၁၆၀ အထိ မြင့်တက်လာခဲ့ချိန် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိကာလအတွင်း စက်သုံးဆီဈေးနှုန်း ပြန်မြင့်တက်နေသော်လည်း ယခုဘဏ္ဍာနှစ်အစတွင် နိုင်ငံခြားငွေ ဆက်တိုက်ထုတ်ရောင်းပေးထားခြင်းနှင့် အရန်ဆီဖူလုံအောင် ဆောင်ရွက်ထားရှိမှုများကြောင့် သင်္ကြန်ရုံးပိတ်မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက တစ်လီတာ ကျပ် တစ်လီတာ ကျပ် ၁၅၀ မှ ၁၈၅ ကျပ်အထိ ဈေးနှုန်းကျဆင်းနေသည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးကွက်၌ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၈၇၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၉၂၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၄၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၀၁၅ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
