
၂၇. ၅. ၂၀၂၅
Written by Hey Mar
မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က လူအသေအပျောက်အများဆုံး Sky Villa အဆောက်အဦကို ဒီနေ့ မေလ ၂၇ ရက်နေ့က ဆက်လက်ရှင်းလင်းရာ အမျိုးသမီးရုပ်အလောင်း သုံးလောင်းရှာဖွေတွေ့ရှိခဲ့ပြီး၊ ငွေသား ကျပ် သိန်းပေါင်း ကိုးရာကျော်နဲ့အတူ အဖိုးတန်ရတနာပစ္စည်း ကာလတန်ဖိုး ကျပ်သိန်းပေါင်းတစ်သောင်း နီးပါးကိုလည်း ပိုင်ရှင်လက် အပ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မန္တလေးငလျင်ကြီး ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ Sky Villa အဆောက်အဦ (B ) အဆောင်ကို ယန္တရားတွေနဲ့အတူ အဆောက်အဦအတွင်း ဆက်လက်ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိရာ ၊ B အဆောင် အခန်းအမှတ် H -7 မှ မြန်မာငွေ ၉၅,၁၈၅,၀၀၀ ကျပ်၊ ရွှေ(၁၀)ကျပ်သား (၉)တုံး၊ (၅)ကျပ်သား (၄)တုံး၊ (၆)ကျပ်သား (၁)တုံး၊ (၃)ကျပ်သား (၃)တုံး၊ (၂)ကျပ်သား (၃)တုံး၊ (၁)ကျပ်သား (၅)တုံး၊ (၅)မူးသား (၂)တုံး၊ ရွှေဆွဲကြိုး (၅)ကုံး၊ ပလက်တီနမ်ဆွဲကြိုး (၂)ကုံး၊ ဟန်းချိန်း(၁)ခု၊ နားကပ်(၁)ရံ၊ ရွှေဆွဲသီး (၄)ခု၊ ရွှေဆံညှပ်(၁)ခု၊ ရွှေဟန်းချိန်း(၃)ကွင်း၊ ရွှေလက်ကောက်(၁)ကွင်း၊ ရွှေလက်စွပ်(၄)ကွင်း၊ ပယင်းလက်စွပ်(၁)ကွင်း၊ ရွှေနားဆွဲ(၁)ရံ၊ ရွှေဖြူမှုန့်(၂)ထုပ်၊ Car owner book (၁)ခု၊ အိမ်ထောင်စုဇယား(၁)ခု၊ အရောင်းအဝယ်စာချုပ်(၃)ခုတို့ ရှာဖွေတွေ့ရှိခဲ့ပြီးပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတစ်ဆင့် ပိုင်ရှင်ဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး Sky Villa အဆောက်အဦ (B) အဆောင်အခန်းအမှတ် J- 4 ကနေ မနက် ကိုးနာရီကျော်အချိန်မှာ အမျိုးသမီးရုပ်အလောင်း သုံးလောင်းကိုလည်း ထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က က လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်ကြီးဖြစ်စဉ်အတွင်း Sky villa အဆောက်အဦတိုက် လေးလုံးတွဲ ၁၁ ထပ် အဆောက်အဦမှာ ၃ လုံး ပြိုကျကာ နောက်ဆုံးတစ်လုံးက အောက်လေးထပ် မြေကြီးထဲ ကျွံဝင်သွားခဲ့ပြီး လူပေါင်း ရာချီ ပျောက်ဆုံးခဲ့သလို လက်ရှိအချိန်အထိလည်း ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိနေဆဲ ဖြစ်ကာ ဖြစ်စအချိန်ကနေ အခုထိ အသက်ရှင်လျှက် လူတစ်ရာဝန်းကျင်သာ ကယ်ထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
