
၂၇. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှ ဒေသတွင်း စားသောက်ဆိုင်တစ်ခုရှိ မြန်မာဝန်ထမ်းများအကြား အငြင်းပွားမှုမှတစ်ဆင့် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ကို ပတ္တရားမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့က လက်ရှိတွင် အမှုစုံစမ်းစစ်ဆေးလျက်ရှိသည်။
ဖြစ်စဉ်မှာ ယနေ့ မေလ ၂၇ ရက်နေ့တွင် အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်သူ နှင့် အသက် ၂၅ နှစ်အရွယ် မောင်သန်းဗဟာဒူး အမည်ရှိ မြန်မာနိုင်ငံသားနှစ်ဦးသည် ချွန်ဘူရီပြည်နယ်၊ ပတ္တရားမြို့မရဲစခန်းမှ ရဲအရာရှိ ဒုတိယဗိုလ် စူသေရဖန် တာပါစီ (Sutheraphan Tapasi) ထံ အမှုဖွင့် တိုင်ကြားခဲ့မှုအရ ၎င်းတို့နှစ်ဦးကို အဆိုပါစားသောက်ဆိုင်မှ လုပ်ဖော်ကိုင်ဘက် ရှစ်ဦးက လက်သီး၊ ဓားတို့ဖြင့် ထိုးနှက် တိုက်ခိုက်ခဲ့သဖြင့် မျက်နှာတွင် ဓားဒဏ်ရာများနှင့် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း တိုင်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ချွန်ဘူရီပြည်နယ်၊ ဘန်လာမုန်ခရိုင်၊ နောင်ပရူးခရိုင်ခွဲ၊ ဆွိုင်ဗီစီ ၁၈၊ ပတ္တရားရှိ အီရန်စားသောက်ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုးကြိတ်ခံရသည့် မောင်သန်းက ပြီးခဲ့သည့်နှစ်ရက်က အလုပ်များနေချိန်တွင် သန့်ရှင်းရေးလုပ်ရန် ငြင်းဆန်ခဲ့သည့် လုပ်ဖော်ကိုင်ဘက်တစ်ဦးနှင့် စကားများခဲ့ကြောင်း ရှင်းပြခဲ့သည်။ ထိုအခြေအနေတွင် အပြန်အလှန် ထိုးကြိတ်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး စီစီတီဗီတွင် မှတ်တမ်းတွင် တွေ့မြင်ခဲ့ရသည်။
ထို့နောက် ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းသည့်အခါ အဆိုပါလုပ်ဖော်ကိုင်ဘက် ပေါ်မလာသော်လည်း ဆိုင်ပိတ်ပြီးနောက် အမည်မသိ အခြားရှစ်ဦးနှင့်အတူ ပြန်လာပြီး ၎င်းတို့နှစ်ဦးကို တိုက်ခိုက်ခဲ့သည်။ ကိုအောင်ကျော်သူက ဝင်ရောက်တားဆီးရန် ကြိုးပမ်းစဉ် မျက်နှာကို ဓားဖြင့်ခုတ်ခံရပြီး သွေးထွက်သံယိုများစွာ ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်သူများသည် သွေးများကိုမြင်သောအခါ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ပြီး၊ ဒဏ်ရာရရှိသူများက ရဲကို အကြောင်းကြားခဲ့သည်။ သို့သော်လည်း စားသောက်ဆိုင်ရှိ စီစီတီဗီသည် ထိုဖြစ်စဉ်ကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းမရှိကြောင်း KhaoSod က ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်သူများသည် ဝန်ထမ်းများဖြစ်သည့်အတွက် CCTV ၏ ကင်မရာရှုထောင့်များကို သိရှိပြီး ရှောင်ရှားနိုင်ခဲ့သောကြောင့်ဖြစ်သည်။
ရဲတပ်ဖွဲ့က ဒဏ်ရာရရှိသူများကို တရားဝင်တိုင်ကြားရန်နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အထောက်အကူပြုရန် ကနဦးစီစီတီဗီ မှတ်တမ်းများ ပေးအပ်ရန် အကြံပြုခဲ့သည်။ ရဲတပ်ဖွဲ့သည် လက်ရှိတွင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ရန်နှင့် ဖမ်းဆီးရန် ပတ်ဝန်းကျင်မှ ရရှိနိုင်သော CCTV မှတ်တမ်းများကို စစ်ဆေးနေပြီး ၎င်းတို့အား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေသည်။
Ref , The Thaiger
