
၂၇. ၅. ၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) က ရန်ပုံငွေထောက်ပံ့ထားသည့် အစီအစဉ် ၅၉ ခုအနက် ၅၅ ခုကို ပိတ်သိမ်းလိုက်ခြင်းကြောင့် ဖွံ့ဖြိုးရေးကဏ္ဍတွင် အလုပ်အကိုင် ၅၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းရကြောင်းအလုပ်လက်မဲ့သူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ (AUDP) ၏ ဥက္ကဋ္ဌ
ဇိနတ် အရာ အဖ်ရိုဇီက ဒါကာမြို့တွင် ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားလိုက်သည်။
အဖ်ရိုဇီက စာဖြင့်ရေးသားထားသည့် ကြေညာချက်ကို ဖတ်ပြရာတွင် ရပ်ဆိုင်းသွားသည့် USAID ၏ အဆိုပါ စီမံကိန်းများနှင့် ဆက်စပ်စီမံကိန်းများတွင် ပါဝင်သည့် ကျွမ်းကျင်ပညာရှင် ၅၀,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိ ဖွံ့ဖြိုးရေး အကူအညီများ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ထို့အတွက် တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းနည်းလမ်းများ ရှာဖွေရန်နှင့် AUDP နှင့် ချက်ချင်းဆွေးနွေးရန်လည်း သူမက တောင်းဆိုခဲ့သည်။
USAID ဘင်္ဂလားဒေ့ရှ်က ၎င်း၏ စီမံကိန်း အကောင်အထည်ဖော်သူ မိတ်ဖက်များထံ ယခုနှစ် ဇန်နဝါရီ ၂၅ ရက် ရက်စွဲဖြင့် ပေးပို့သော စာတွင် အခြားနိုင်ငံများနှင့်အတူ အဆိုပါ အေဂျင်စီသည် ဘင်္ဂလားဒေ့ရှ်တွင် စာချုပ်များ၊ လုပ်ငန်းအမှာစာများ၊ ထောက်ပံ့ကြေးများ၊ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ သို့မဟုတ် အခြားအကူအညီ သို့မဟုတ် ဝယ်ယူမှုဆိုင်ရာ ကိရိယာများအောက်ရှိ လုပ်ငန်းအားလုံးကို ချက်ချင်း ရပ်ဆိုင်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ပြုလုပ်ကြောင်း ကြေညာခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းမတိုင်မီက အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော USAID မှ ရန်ပုံငွေထောက်ပံ့ထားသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်နိုင်ရန် နိုင်ငံအားလုံးသို့ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို ရက် ၉၀ ကြာ ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
