
၂၇.၅. ၂၀၂၅
Translated by Tha Doe
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရိပြည်နယ်၊ ဆန်ခလာဘူရိခရိုင် ရဲတပ်ဖွဲ့ဟာ အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းဆီကို ဘတ်ငွေ ၁၈ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၅၅၂,၀၀၀) ကို တရားမဝင် သယ်ဆောင်လာမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူဟာ ဒေသခံတွေက “Doraemon တံခါး” လို့ ခေါ်ဆိုတဲ့ နေအိမ်တစ်ခုကို အကြိမ်ကြိမ် အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဒီနေအိမ်ကတော့ အရှေ့ဘက်အဝင်ဝဟာ ထိုင်းနိုင်ငံဘက်မှာ တည်ရှိပြီး နောက်ဖက်တံခါးကတော့ မြန်မာနိုင်ငံဘက်ကို တိုက်ရိုက်ပွင့်နေတဲ့ နေရာတစ်ခုပါ။
တရားမဝင် ငွေခိုးသွင်းသူ သာနာဝပ်ကို မေလ ၂၆ ရက်နေ့မှာ လတ်ယာအထူးတပ်ဖွဲ့ (Lad Ya Special Forces) ရဲ့ အကူ အညီနဲ့ ဖမ်းဆီးခဲ့တာပါ။ အဆိုပါတပ်ဖွဲ့ဟာ ဒီလိုမျိုး နှစ်နိုင်ငံကြား နှစ်ဖက်ပွင့်နေတဲ့ ဧရိယာအတွင်း စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး စစ်ဆေးမှုတွေကို တင်းကျပ်ထားခဲ့တာပါ။ ဒီလိုတင်းကျပ်ထားတဲ့အချိန် ဘုရားသုံးဆူဂိတ်ရှိရာ ဘန်ဖရာချေဒီဆမ်အုန်ရွာဘက်ကနေ ဆန်ခလာဘူရိမြို့လယ်ဘက်ကို သာနာဝပ် မောင်းလာတဲ့ယာဉ်ကို တားဆီးစစ်ဆေးချိန် ဖမ်းမိခဲ့တာပါ။
◾️ ရှာဖွေတွေ့ရှိမှုနှင့် ဝန်ခံချက်
သာနာဝပ်ကို တားဆီးရှာဖွေ စစ်ဆေးချိန်မှာ အရာရှိတွေဟာ ယာဉ်အတွင်းဝှက်ထားတဲ့ ဘတ်ငွေ ၁၇,၉၉၄,၀၀၀ ပါဝင်တဲ့ အဝတ်အိတ်နှစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ သာနာဝပ်က စုံစမ်းစစ်ဆေးသူတွေကို သူဟာ ထိုင်းနဲ့ မြန်မာနိုင်ငံအကြား ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်ကြောင်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရောင်းချမှုကနေ ငွေကြေးများစွာရရှိပြီးနောက်မှာ ရလာတဲ့ ငွေတွေကို ဂိုဒေါင်တစ်ခုမှာ သိမ်းဆည်းထားပြီး စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် ထိုင်းဘဏ်တွေမှာ အပ်နှံဖို့ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် မှောင်ခိုပို့ဆောင်ခဲ့တာလို့လည်း ထွက်ဆိုခဲ့ပါတယ်။
◾️ Doraemon တံခါး၏ လျှို့ဝှက်ချက်
သာနာဝပ်ဟာ ဆန်ခလာဘူရိခရိုင်၊ ကဆက်ဖနိချ် ဆွိုင် (၉) မှာ ရှိတဲ့ နေအိမ်တစ်လုံးကို ပုံမှန်အသုံးပြုခဲ့တာပါ။ အဆိုပါနေအိမ်ဟာ အရှေ့ဘက်အဝင်ဝက ထိုင်းနိုင်ငံ၊ ဆောင်ခလာဘူရိခရိုင်ဘက်မှာ တည်ရှိပြီး နောက်ဖက်တံခါးကတော့ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့ဘက်ကို တိုက်ရိုက်ပွင့်နေတဲ့ နေရာတစ်ခုပါ။ ဒေသခံများက ဒီမှောင်ခိုလမ်းကြောင်းကို နာမည်ကြီး ဂျပန်ကာတွန်းဇာတ်ကောင် ဒိုရေမွန် (Doraemon) ရဲ့ သိပ္ပံဆန်းကြယ်လိုတရမှော်ပစ္စည်းတွေလိုမျိုး တစ်ဖက်နိုင်ငံကပစ္စည်းကို တစ်ဖက်နိုင်ငံဘက်ဆီ အစစ်အဆေး အတားအဆီးမရှိ မှောင်ခိုသယ်ယူနိုင်ကြတာကြောင့် “Doraemon တံခါး”လို့ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
သာနာဝပ်က သူ့ငွေမှောင်ခိုသယ်ယူမှုအတွက် ဒိုရေမွန်တံခါးရှိရာ မှောင်ခိုလမ်းကြောင်းကို အကြိမ်များစွာ အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပြီး အဆိုပါတံခါးရဲ့ပိုင်ဆိုင်မှုကို စောင့်ရှောက်တဲ့ အလုပ်သမားတွေကို တစ်ခေါက် ဘတ် ၅၀၀ ပေးခဲ့တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။ သာနာဝပ်ရဲ့ နောက်ဆုံးအကြိမ် ကြိုးပမ်းမှုကတော့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ကံမကောင်း အကြောင်းမလှခဲ့ပါဘူး။
◾️ တရားစွဲဆိုမှုနှင့် ပြစ်ဒဏ်
ထိုင်းအာဏာပိုင်တွေက လက်ရှိမှာ သာနာဝပ်ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်ဆောင်ဘဲ နိုင်ငံအတွင်းသို့ တရားမဝင် ငွေကြေးသယ်ဆောင်လာမှုနဲ့လ အကောက်ခွန်အက်ဥပဒေအရ တရားစွဲဆိုထားပါတယ်။ ဒီပြစ်မှုအတွက် သာနာဝပ် ကျခံရနိုင်တဲ့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ် ဒါမှမဟုတ် ကုန်ပစ္စည်းတန်ဖိုးရဲ့ လေးဆနဲ့ သွင်းကုန်အခွန်ပေါင်းပြီး ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာ ထိုင်းအာဏာပိုင်တွေဟာ ထူးထူးခြားခြား ထိုင်းနိုင်ငံဘက်မှာ အိမ်အဝင်တံခါးရှိနေပြီး မြန်မာနိုင်ငံဘက်မှာ နောက်ဖေးပေါက်ရှိနေတဲ့ မှောင်ခိုကုန်သွယ်သူတွေအသုံးပြုရာ “Doraemon တံခါး” ပိုင်ရှင်ကို မှောင်ခိုလုပ်ငန်းမှာ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးမေးမြန်းဖို့ လုပ်ဆောင်နေကြပါတယ်။
Ref , Khaosod

