၂၇. ၅. ၂၀၂၅
Written by Nyein Kyaw
ကလောအနည်ကျ ချိုင့်ဝှမ်းအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ် ပဏာမ စူးစမ်းလေ့လာခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က စွမ်းအင်ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့များအား တွေ့ဆုံအားပေးခြင်းနှင့် စခန်းချအောင်နိုင်ရေး အလံပေးအပ်ခြင်းအခမ်းအနားမှ သိရသည်။
မိမိတို့နိုင်ငံအတွင်း ကုန်းတွင်းအနည်ကျ ချိုင့်ဝှမ်း ၁၄ ခုရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ်ရသေးသည့် အနည်ကျချိုင့်ဝှမ်း ၉ ခုရှိကြောင်း၊ ၎င်းတို့အနက်မှ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin) တွင် ယခုကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ယခုကဲ့သို့ ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရန်အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း၊ ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းဆွေးနွေးမှုများမှတစ်ဆင့် နယ်ပယ်စုံမှပါဝင်သည့် “စွမ်းအင်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ “University – Industry – Research & Development Tripartite Collaboration” ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်စေခဲ့ ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခင်က ကုန်းတွင်းရေနံမြေများ ရှာဖွေဖော်ထုတ်ရာတွင် အနေအထား ဘူမိဗေဒ (Structural Geology) လေ့လာရန်အတွက် ကောင်းကင်ဓာတ်ပုံ (Aerial Photo) များကိုသာ အသုံးပြုခဲ့ရပြီး ယခုအခါ တိုးတက်လာသည့် Remote Sensing နည်းပညာများကို အသုံးပြုပြီး Satellite Image များကို အသုံးပြုလာနိုင်သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေရာတွင် အထောက်အကူပြုလာနိုင်ကာ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုကွင်းဆင်းလေ့လာခြင်းသည် ပဏာမစူးစမ်းလေ့လာခြင်း အဆင့်သာဖြစ်ပြီး ဆက်လက်၍ အသေးစိတ် ထပ်မံလေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်သွားစေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းလေ့လာမှုများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
