၂၇. ၅. ၂၀၂၅
Written by Hey Mar
ကားက ဆိုင်ကယ်ကို နောက်ကနေ ဝင်တိုက်မိတာကြောင့် ဆိုင်ကယ်စီးလာသူ လူနှစ်ဦးစလုံး သေဆုံးခဲ့တဲ့ဖြစ်စဉ် ရန်ကုန်- နေပြည်တော် အမြန်လမ်းမှာ မနေ့က မေလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကိုသွားတဲ့ လားရာဘက်အခြမ်း မိုင်တိုင်အမှတ် ၁၈ မိုင် ၇ ဖာလုံ အနီးမှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်ပွားတဲ့ သတင်းအရ သက်ဆိုင်ရာ အမြန်လမ်းတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ဇင်မင်းထွန်း(၃၈)နှစ်၊ ကျွန်းကလေးကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူမောင်းနှင်ပြီး ယာဉ်ပေါ်မှာ တစ်ရွာတည်းနေ ကျော်ဦး(၅၂)နှစ် လိုက်ပါလာတဲ့ Nissan AD (အဖြူရောင်)ယာဉ်မှာ နေပြည်တော်- ရန်ကုန်အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၁၈/၇)အရောက်၊ ဆိုင်ကယ်မောင်းနှင်လာသူ အမည်မသိအမျိုးသား(၁)ဦးနဲ့ ဆိုင်ကယ်ပေါ်လိုက်ပါလာသူ အောင်ကျော်ဝင်းတို့ (၂)ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို နောက်ကနေ ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာသူ အောင်ကျော်ဝင်းမှာ အခင်းဖြစ်ရပ်နေရာ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၈/၇)မိုင်အနီး ဆိုင်ကယ်နဲ့အတူ လဲကျသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား(အမည်မသိ)မှာ ကားပေါ်ချိတ်လျက် ပါသွားတဲ့တိုင်အောင် ယာဉ်ကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်တာကြောင့် (၁)ဖာလုံခန့် အကွာ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၁၈/၆)မိုင်အရောက်တွင်မှ ယာဉ်ပေါ်ကနေ ပြုတ်ကျကာ ဦးခေါင်းနဲ့ကတ္တရာလမ်းဆောင့်မိပြီး အခင်းဖြစ်နေရာတင် ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်ကတော့ ဆက်လက်မောင်းနှင်နေရာက ၁၈ မိုင် ၃ဖာလုံအနီး မြေသားလမ်းပေါ်မှာ ရပ်တန့်သွားခဲ့ကာ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်းနဲ့ ဆိုင်ကယ်ပေါ်ပါရှိတဲ့ အောင်ကျော်ဝင်းတို့(၂)ဦးသေဆုံးစလုံး သေဆုံးခဲ့ပြီး ယာဉ်မောင်းနှင်သူတွေမှာ ထိခိုက်မှုမရှိကြောင်းစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
အခင်းဖြစ်စဉ်အတွင်း ယာဉ်ကို ပေါ့ဆစွာမောင်းနှင်ပြီး လူကို ယာဉ်နှင့်တိုက်မိကြောင်း သိရှိပါလျက်နဲ့ ယာဉ်ကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ပြီး လူကို (၁)ဖာလုံခန့်ထိအောင် ယာဉ်နဲ့အတူ တရွတ်တိုက်ဆွဲသွားတာကြောင့် လူ(၂)ဦး သေဆုံးစေသူ ယာဉ်မောင်း ဇင်မင်းထွန်းကို အမြန်လမ်း (အမှတ်-၃)ရဲစခန်းက ယာဉ်(ပ) ၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က အရ လည်းကောင်း၊ တက်ရောက်မောင်းနှင်ခွင့်မရှိတဲ့ အမြန်လမ်းမကြီးပေါ် ဆိုင်ကယ်တက်ရောက်မောင်းနှင်သူ ဆိုင်ကယ်ယာဉ်မောင်း အမည်မသိသေဆုံးသူ(အမျိုးသား)ကိုလည်း (အမှတ်-၃)ရဲစခန်းက (ပ)၇/၂၀၂၅၊ အမြန်လမ်းမကြီးဥပဒေပုဒ်မ- ၁၈ အရလည်းကောင်း အမှုရေးဖွင့်ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။





