
၂၇. ၅. ၂၀၂၅
Written by Nay Moe
KIA ထိုးစစ်ဆင်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်တိုက်ပွဲအတွင်း အညာက PDF တွေ ကူတိုက်ပေးရင်း အလောင်းပြန်မရဘဲ မေလ ၂၂ ရက်က သေဆုံးသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်တပ်ရင်း (၂၈) က တပ်ခွဲမှူး နိုင်းနိုင်းအတွက် KIA ဘက်က ထောက်ပံ့မှုမရှိပေမဲ့ PDF ဘက်က သိန်း ၅၀ ကျပ်နဲ့ သွားကန်တော့ခဲ့ကြတယ်လို့ ယင်းမာပင် တပ်ရင်းမှူး ဗိုလ်စွမ်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ ဖော်ပြထားပါတယ်။

ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၈)၊ ဓားမဆိုင်းတပ်မတော်ရဲ့ တပ်ခွဲမှူး နိုင်းနိုင်းဟာ ဗျူဟာစုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဥ် (၃) မှာ စံပြဆုရခဲ့သလို ကသုံးလုံးစစ်ဆင်ရေး၊ ပင်လယ်ဘူးမြို့သိမ်းစစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပေမဲ့ ဗန်းမော်တိုက်ပွဲမှာတော့ KIA တွေရဲ့ ရှေ့ကတိုက်ပေးရင်း အလောင်းတောင်ပြန်မရဘဲ သေဆုံးခဲ့ပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှာ KIA ဟာ ဗန်းမော်ကို စသိမ်းခဲ့တာဖြစ်ပြီး ဒီမြို့သိမ်းတိုက်ပွဲဟာ ၆ လကျော်ကြာမြင့်နေပြီဖြစ်သလို မြို့ကလည်း KIA ထိုးစစ်မှာပျက်သွားတဲ့အထိ မသိမ်းနိုင်သေးတာကြောင့် အညာက PDF တွေပါ စစ်ကူနေပေမဲ့ PDF တွေလည်း အသေအပျောက်များနေပါတယ်။