◾️ဒေသအတွင်း မည့်သည့် လက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မိုင်းလား ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြော




၂၅. ၅. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုအဖြစ် လျှောက်လှမ်းနေသဖြင့် တိုင်းရင်းသားအားလုံးအနေဖြင့် စည်းလုံးစွာဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာတွင် လက်ခံတွေ့ဆုံစဉ် ပြောကြားသည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီရင်းအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကိုဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံ့တစ်ခုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရေးသည် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်တစ်ချက်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်း တက်ရောက်နိုင်စေရေး အခြေခံပညာသင်ကျောင်းများကို ဖွင့်လှစ်ပေးသွားရန်လို ကြောင်း၊ မိမိတို့သည်ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်ထောင်စုစနစ်ပညာရေးကို သင်ကြားရမည်ဖြစ်ကြောင်း၊ အခြေခံပညာအဆင့် တက်ရောက်အောင်မြင်ပြီးချိန်တွင် ပြည်တွင်းရှိ တက္ကသိုလ်များသို့ တက်ရောက်နိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် NDAA(မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဆွေးနွေးတင်ပြရာတွင် မိမိတို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်အနေဖြင့် နှစ် ၃ဝ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့ပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက်လည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ဦးစန်ပေ့က ဆွေးနွေးတင်ပြခဲ့သည်။
မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးစေလိုပါကြောင်း ဦးစန်ပေ့က ဆွေးနွေးတင်ပြခဲ့သည်။
