



၂၅.၅.၂၀၂၅.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံတစ်ဝန်း လုံခြုံရေးအတွက်တပ်ဖွဲ့တွေကို တပ်ဖြန့်ချလာခဲ့ပြီးနောက်မှာတော့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က လူ ၁၀,၀၀၀ ကျော်ကိုလည်းဖမ်းဆီးထားခဲ့တယ်လို့ မေလ ၂၄ ရက် ညနေပိုင်းမှာထွက်ပေါ်လာတဲ့သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါက နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် စစ်တပ်အနေနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေကို ကူညီဖို့ ဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းလို့ ဆိုကြပါတယ်။
အဆင့်မြင့်စစ်တပ်အရာရှိတစ်ဦးက ဧပြီလအတွင်းမှာကို ဖမ်းဆီးချုပ်နှောင်ထားသူ ၂,၁၈၈ ဦးရှိတယ်လို့ မေလ ၂၄ ရက်နံနက်က ပြောခဲ့ပါတယ်။ သူကလုံခြုံရေးအတွက် ကင်းလှည့်စောင့်ရှောက်မှုနဲ့ ပူးတွဲစစ်ဆင်ရေးတွေကို နိုင်ငံအနှံ့ပြုလုပ်နေတယ်လို့လည်းပြောခဲ့ပါတယ်။
စစ်တပ်မှ တင့်ကားတွေနဲ့ သံချပ်ကာကားတွေက မေလ ၂၄ ရက်မှာ ဒက်ကာမြို့အတွင်း မောင်းဝင်လာကြတာကိုတွေ့ရပါတယ်။ အတိုင်ပင်ခံချုပ် ယူနွတ်စ် ခေါင်းဆောင်တဲ့ ကြားဖြတ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ အမေရိကန်တို့ အစီအစဉ်အရ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းသို့ လူသားချင်းစာနာမှုထောက်ပံ့ရေး စင်္ကြန်လမ်းကြောင်းဖောက်လုပ်ဖို့အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ် ဝါကာအူ ဇာမန် က လက်မခံဘူးလို့ မေလ ၂၁ ရက်မှာပြောခဲ့ပြီးကတည်းက ကြားဖြတ်အစိုးရနဲ့ စစ်တပ်အကြားသဘောထားမတိုက်ဆိုင်မှုဖြစ်ခဲ့ရပါတယ်။
ဒီနောက်ပိုင်းမှာတော့ ယူနွတ်စ် အနေနဲ့ ရာထူးမှနုတ်ထွက်ဖို့စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာပဲ ဘင်္ဂလားဒေ့ရှ်စစ်တပ်က နိုင်ငံရေးမတည်ငြိမ်မှုတွေကြားက လုံခြုံရေး မြှင့်တင်ဆောင်ရွက်လာတာက အဆိုပါသတင်းတွေကဟုတ်မှန်သလိုဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့်မေလ ၂၄ ရက်မှာ အကြံပေးကောင်စီက ကြေညာချက်တစ်စောင်ထုတ်ခဲ့ရာမှာ အဲဒီကောလာဟလသတင်းတွေကို ပယ်ချတယ်လို့ ဖော်ပြခဲ့ပြီး အကြံပေးအရာရှိချုပ် မူဟာမက် ယူနွတ်စ် အနေနဲ့ ရာထူးမှနုတ်ထွက်မှာမဟုတ်သလို ပြည်ပကိုထွက်ခွာမှာလည်းမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ကြေညာချက်မှာ ကြားဖြတ်အစိုးရအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေရဲ့သဘောထားကြေညာချက်တွေကို နားထောင်သွားမှာဖြစ်ပြီး အစိုးရရဲ့ရပ်တည်ချက်ကိုရှင်းပြသွားမယ်လို့လဲ ဖော်ပြခဲ့ပါတယ်။
Ref-india.com
