
၂၅. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦများအား အမြန်ဆုံးပြုပြင် တည်ဆောက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦများတွင် မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ် ပေါ်ခဲ့မှုများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ယနေ့ သွားရောက် ကြည့်ရှု့စစ်ဆေးစဉ် မှာကြားခဲ့သည်။
SAC ဥက္ကဋ္ဌသည် အမှတ် (၁) ဂိတ်အဝင်ကြိုးတံတားနှင့် မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော်အဆောက်အဦ၊ ဇဗ္ဗူသီရိခန်းမဆောင်နှင့် အမျိုးသားလွှတ်တော် အဆောက်အဦတို့ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦများအား စနစ်တကျဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်သွားရန်နှင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
ထို့ပြင် ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် နည်းပညာ ကျွမ်းကျင်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
