◾️ ရခိုင်ကို အမေရိကန် ကူညီပေးမည့် လူသားချင်းစာနာမှုလမ်းကြောင်းကို ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ်က “သွေးစွန်းသော စင်္ကြံ”ဟု အမည်တပ်ကာ စီမံကိန်းလက်မခံမှုကြောင့် ယူနွတ်စ်အစိုးရက အကောင်အထည်ဖော်မှု ရပ်ဆိုင်း

၂၃. ၅. ၂၀၂၅
Translated by Tha Doe
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ AA အပါအဝင် သူပုန်လက်နက်ကိုင်များကို စစ်ရေးအပြင် ငွေကြေး၊ လက်နက်အင်အား၊ ရိက္ခာ အလုံးစုံထောက်ပံ့ကာ တပ်မတော်ကို တိုက်ခိုက်ရန် ကြံရွယ်ထားသည်ဟု မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပြည်သူများက ယူဆထားသော်လည်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ မူဟာမက် ယူနွတ်စ်၏ အစိုးရအဖွဲ့က အကောင်အထည် ဖော်ဆောင်ရန် သဘောတူလက်ခံထားသည့် လူသားချင်းစာနာထောက်ထားမှု စင်္ကြံသည် ထိုလုပ်ရပ်အပေါ် မထောက်ခံသည့် ဘင်္ဂလားဒေ့ရှ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဝါကာ အူ ဇာမန်၏ မနှစ်မြို့မှုရာဇသံကြောင့် ရပ်တန့်သွားခဲ့ပြီဖြစ်သည်။
◾️ ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ်၏ ဝေဖန်မှု
ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် ဝါကာ အူ ဇာမန်က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ မူဟာမက် ယူနွတ်စ်တို့အုပ်စု အမေရိကန်အလိုကျလုပ်ဆောင်မည့် လူသားချင်းစာနာထောက်ထားမှု စင်္ကြံကို”သွေးစွန်းသော စင်္ကြံ” ဟု အမည်တပ် ခေါ်ဝေါ်ခဲ့သည်။ ထို ခေါ်ဝေါ်မှုသည် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးရာ အကြံပေး တော်ဟစ် ဟူစိန်က ကုလသမဂ္ဂမှ အဆိုပြုထားသော ရခိုင်စစ်လမ်းကြောင်းကို ကြားဖြတ်အစိုးရက သဘောတူညီခဲ့ကြောင်း တစ်ဖက်သတ် ကြေညာချက်ကို ပြန်လည်တွန်းလှန်ခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါ “သွေးစွန်းသော စင်္ကြံ”ကို မြန်မာနိုင်ငံဘက်ခြမ်းတွင်သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင်လည်း အဆိုပါ စစ်လမ်းကြောင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေမည်ဖြစ်ပြီး ပထဝီနိုင်ငံရေးအရ အကျိုးအမြတ်များရရှိရန် အမေရိကန်က တွန်းအားပေးနေသည့်အပေါ် စိုးရိမ်မှုများစွာကို မြင့်တက်လာစေခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ရခိုင်စစ်လမ်းကြောင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိသော်လည်း ဘင်္ဂလားဒေ့ရှ် လေ့လာသူများက ယူနွတ်စ်နှင့် ၎င်း၏ ထောက်ခံသူများသည် ရွေးကောက်ပွဲမရှိဘဲ အာဏာဆက်လက်တည်မြဲရန်အတွက် အမေရိကန်၏ တောင်းဆိုမှုကို လိုက်နာနေကြသည်ဟု ဝေဖန်နေကြသည်။
“ဘင်္ဂလားဒေ့ရှ် တပ်မတော်ဟာ အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့ ဘယ်လိုလုပ်ငန်းမျိုးမှာမှ ဘယ်တော့မှ ပါဝင်မှာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း ပါဝင်ခွင့်ပြုမှာ မဟုတ်ဘူး” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဝါကာ အူ ဇာမန်က ဗုဒ္ဓဟူးနေ့တွင် ယူနွတ်စ်ဦးဆောင်သော ကြားဖြတ်အစိုးရအား သတိပေး ပြောကြားခဲ့သည်။
“ဘယ်လုပ်ငန်းမျိုးမှာမဆို အမျိုးသားအကျိုးစီးပွားက ပထမနေရာမှာ ရှိရမယ်။ ဘာပဲလုပ်လုပ် နိုင်ငံရေးသဘောတူညီမှုနဲ့ လမ်းညွှန်ထားရမယ်” ဟု ဇာမန်၏ ပြောကြားချက်ကို Dhaka Tribune က ကိုးကားဖော်ပြခဲ့သည်။
ဇာမန်က ယူနွတ်စ်အား စောစီးစွာ ရွေးကောက်ပွဲကျင်းပရန်၊ စစ်ရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် “သွေးစွန်းသော စင်္ကြံ” ဟု ၎င်းကိုယ်တိုင် အမည်ပေးခဲ့သည့် ရခိုင်စစ်လမ်းကြောင်းစီမံကိန်းကဲ့သို့သော အဓိကကိစ္စရပ်များတွင် တပ်မတော်ကို အမြဲအသိပေးရန်လည်း တောင်းဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အရှေ့ပိုင်း၊ စစ်တကောင်းဒေသမှ စတင်သော အဆိုပါစစ်လမ်းကြောင်းကို မြန်မာနိုင်ငံရှိ၊ စစ်ဘေးသင့် ရခိုင်ဒေသမှ အရပ်သားများအား အကူအညီများ ပေးပို့ရန် လမ်းကြောင်းအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ၏ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) နှင့် လက်ဝဲပါတီအချို့ အပါအဝင် ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှ အသံများစွာက ၎င်းကို အချုပ်အခြာအာဏာထိပါးစေမည့် လုပ်ရပ်ဟု ရှုမြင်မှုကြောင့် “တစ်ဖက်သတ်နှင့် တရားမဝင်လုပ်ရပ်” ဟု ခေါ်ဆိုကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီးနောက် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေခဲ့သည်။
ဝေဖန်မှုများ မည်သို့ပင်ရှိစေကာမူ ယူနွတ်စ်၏ ကြားဖြတ်အစိုးရသည် အချို့သော ကမ္ဘာ့နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူများက တရုတ်ကို ထိန်းချုပ်ရန် အမေရိကန်၏ နိုင်ငံရေးကစားပွဲ အစိတ်အပိုင်းအဖြစ် ရှုမြင်ခဲ့သော “သွေးစွန်းသော စင်္ကြံ” စစ်လမ်းကြောင်းကို ဆက်လက် တွန်းအားပေးခဲ့သည်။
ထို “သွေးစွန်းသော စင်္ကြံ” သည် လူသားချင်းစာနာမှုဟု အမည်တပ်ထားသော်လည်း နှစ်နိုင်ငံပြည်သူများကို စိုးရိမ်ရမှုအပေါ် “လက်တွေ့မှာတော့ အမေရိကန်နဲ့ ကုလသမဂ္ဂရဲ့ စီမံချက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအတွက် အချုပ်အခြာအာဏာကို ပြင်းထန်စွာ ထိခိုက်စေနိုင်တဲ့ အန္တရာယ် အပါအဝင် များစွာသော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်ရမှုတွေ စီမံကိန်းမှာ ပါဝင်တယ်” ဟု Dhaka Tribune ပါ ထင်မြင်ချက်ဆောင်းပါးတစ်စောင်တွင် ဖော်ပြထားသည်။
“လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို နိုင်ငံခြားသြဇာလွှမ်းမိုးမှုအတွက် အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်ပြီး ဒီစစ်လမ်းကြောင်းက စစ်ရေးထောက်ပံ့ပို့ဆောင်ရေး ဒါမှမဟုတ် ထောက်လှမ်းရေးအတွက် လမ်းကြောင်းအဖြစ် အသုံးဝင်နိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိတယ်” ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။
◾️ ယူနွတ်စ်အစိုးရ ရခိုင်စစ်လမ်းကြောင်းကိစ္စ နောက်ပြန်လှည့်ပြီ
ဗိုလ်ချုပ် ဇာမန်၏ ပြင်းထန်သော သတိပေးချက်အပြီးတွင် ယူနွတ်စ်၏ အမျိုးသားလုံခြုံရေးအကြံပေး ခါလီလူရ် ရာမန်က အစိုးရသည် မည်သည့်ပါတီနှင့်မျှ စစ်လမ်းကြောင်းကို ဆွေးနွေးခြင်းမရှိကြောင်းနှင့် နောင်တွင်လည်း ဆွေးနွေးမည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
“ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်အနေနဲ့ နယ်စပ်နားမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးပို့ရာမှာ ကူညီနိုင်မလား။ ကုလသမဂ္ဂ မိတ်ဖက်တွေကနေ ရခိုင်ပြည်နယ်ကို ပေးပို့ဖို့အတွက်လား လို့ပဲ မေးခဲ့တာ။ ကျွန်တော်တို့ စဉ်းစားပေးနိုင်တယ်လို့ ပြောခဲ့တာ” ဟု ခါလီလူရ် ရာမန်၏ ပြောစကားကို ဒါကာအခြေစိုက် Daily Star က ကိုးကားဖော်ပြခဲ့သည်။
ခါလီလူရ် ရာမန်သည် ဘင်္ဂါလီကိစ္စရပ်များနှင့် ဦးစားပေးကိစ္စရပ်များအတွက် ယူနွတ်စ်၏ အဆင့်မြင့်ကိုယ်စားလှယ်လည်း ဖြစ်သည်။ ယူနွတ်စ်၏ ယုံကြည်စိတ်ချရသူအဖြစ် ရှုမြင်ခံရသော ခါလီလူရ် ရာမန် ပြောသည့် “သွေးစွန်းသော စင်္ကြံ” စီမံကိန်း အလျင်အမြန် နောက်ပြန်ဆုတ်ခြင်းသည် ယူနွတ်စ်၏ နိုင်ငံခြားရေးရာ အကြံပေး တော်ဟစ် ဟူစိန်က ရခိုင်စစ်လမ်းကြောင်းနှင့် ပတ်သက်၍ လုပ်ဆောင်မည်ဟု ယခင်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ကို ပြောင်းပြန်လှန်လိုက်ခြင်းပင် ဖြစ်သည်။
“ကုလသမဂ္ဂက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်လမ်းကြောင်းတစ်ခု ဖန်တီးချင်နေတာ။ ကြားဖြတ်အစိုးရက အခြေအနေအရပ်ရပ်နဲ့အညီ အခြေခံအားဖြင့် သဘောတူခဲ့တယ်” ဟု ဟူစိန်၏ ပြောစကားကို ဧပြီလအတွင်း Dhaka Tribune က ကိုးကားဖော်ပြခဲ့သည်။ သို့သော် ၎င်းက အခြေအနေအသေးစိတ်များကို ဖော်ပြခြင်း မရှိခဲ့ပေ။
ကုလသမဂ္ဂက အဆိုပြုပြီး အမေရိကန်က တပ်စခန်းချမည့် ရခိုင်စစ်လမ်းကြောင်းသည် ပြည်တွင်းစစ်နှင့် ငလျင်ဘေးကြောင့် လူပေါင်း ၂ သန်းကျော် အငတ်ဘေးနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ အကူအညီများ ပေးပို့ရန် ရည်ရွယ်သည်ဟုလည်း အကြောင်းပြသည်။ ပြီးခဲ့သည့် NLD အစိုးရဟောင်းလက်ထက် ဘင်္ဂါလီလက်နက်ကိုင် ARSA ထကြွမှုအတွင်း ဘင်္ဂါလီသန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည့်အပေါ် မြန်မာအစိုးရက ပြန်လည်လက်ခံရန် လုပ်ဆောင်နေသော်လည်း ဘင်္ဂါလီများဘက်က မလျော်ကန်သောတောင်းဆိုချက်များကြောင့် ပြန်ခေါ်ရန် ကြန့်ကြာနေခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင် ဘင်္ဂါလီဒုက္ခသည် ၁ ဒသမ ၃ သန်းခန့်ကို လက်ခံထားရသည်ဟု ဆိုထားပြီး ၂၀၂၄ ခုနှစ်တွင် စစ်တကောင်းဒေသ၊ ကော့ဇ်ဘဇားတွင် ဘင်္ဂါလီဒုက္ခသည် ၁,၁၈,၀၀၀ ခန့် အခြေချခဲ့သည်။ အဆိုပါ အခြေအနေသည် လက်နက်မှောင်ခိုကူးမှုနှင့် ရာဇဝတ်မှုများ မြင့်တက်လာခြင်းအပါအဝင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
“သွေးစွန်းသော စင်္ကြံ” စီမံကိန်းကို ယူနွတ်စ်အစိုးရ နောက်ပြန်လှည့်ခြင်းသည် ဗိုလ်ချုပ် ဇာမန်၏ နှုတ်မိန့်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း အတိုက်အခံများကလည်း ရခိုင်စစ်လမ်းကြောင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။
◾️ BNP နှင့် ကျွမ်းကျင်သူများက ရခိုင်စစ်လမ်းကြောင်းနှင့် ပတ်သက်၍ ယူနွတ်စ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ
ရခိုင်စစ်လမ်းကြောင်းသည် ကြားဖြတ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သော ယာယီဥက္ကဋ္ဌ တာရစ် ရာမန် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) နှင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေခဲ့သည်။
မေလအစောပိုင်းတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ၏သား ရာမန်က ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် “ကြားဖြတ်အစိုးရရဲ့ စစ်လမ်းကြောင်းကို ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီမဆန်ဘူး။ ပြည်သူနဲ့ နိုင်ငံရေးပါတီတွေကို အမှောင်ထဲမှာထားပြီး လုပ်ခဲ့တာ” ဟု ပြောကြားခဲ့သည်။
“နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကျိုးစီးပွားကို မဟုတ်ဘဲ နိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကို အာမခံရမယ်။ ဒီလို ကိစ္စရပ်တွေကို ပြည်သူတွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ ပါလီမန်က ဆုံးဖြတ်သင့်တယ်” ဟု ယူနွတ်စ်၏ ကြားဖြတ်အစိုးရသည် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရခြင်းမရှိဘဲ ထိုကဲ့သို့သော ကိစ္စရပ်များအပေါ် ဆုံးဖြတ်ချက်ချရန် အာဏာမရှိကြောင်းလည်း အရိပ်အမြွက် ပြောကြားခဲ့သည်။
စစ်ဦးစီးချုပ် ဇာမန်ကလည်း ထိုကဲ့သို့သော ကိစ္စရပ်များတွင် နိုင်ငံရေးသဘောတူညီမှု ရရှိရန် တောင်းဆိုခဲ့သည်။
ဝါရင့်သတင်းစာဆရာ စူဘီယာ ဘော်မစ်က India Today ၏ ထင်မြင်ချက်ဆောင်းပါးတစ်စောင်တွင် ရခိုင်စစ်လမ်းကြောင်းသည် “မြန်မာအစိုးရခွင့်ပြုထားသည့် တရုတ်နိုင်ငံ၏ ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့ရန် အမေရိကန်၏ နိုင်ငံရေးကစားပွဲ အစိတ်အပိုင်းအဖြစ် ရှုမြင်ကြသည်” ဟု ပြောဆိုခဲ့သည်။
ယခင် ဘင်္ဂလားဒေ့ရှ် သံတမန် မွန်ရှီ ဖိုက်ဇ် အာမက်ကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ စစ်လမ်းကြောင်းနှင့် ပတ်သက်၍ ပြင်းထန်စွာ သတိပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံခြားထောင်ချောက်ထဲသို့ ကျရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဖွဲ့မှု ခွန်အားက အပြန်အလှန် လေးစားမှုနဲ့ ဝင်ရောက်စွက်ဖက်ခြင်း မပြုတာမှာ တည်ရှိတယ်။ ဒီလို စစ်လမ်းကြောင်းမျိုးကို ကျွန်တော်တို့ လုံးဝ ထိန်းချုပ်ထားရမယ်။ ဒါမှမဟုတ်ရင် ဒီစိတ်ကူးကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ပယ်ချရမယ်။ မဟုတ်ရင် ကျွန်တော်တို့ မတတ်နိုင်တဲ့နည်းနဲ့ ကျွန်တော်တို့ကို ချည်နှောင်နိုင်တဲ့ ကြိုးကွင်းထဲကို လျှောက်လှမ်းမိနိုင်တယ်” ဟု မွန်ရှီ ဖိုက်ဇ် အာမက်က ဒါကာအခြေစိုက် BDNews24 ကို ပြောကြားခဲ့သည်။
ယူနွတ်စ်အစိုးရ၏ ရခိုင်စစ်လမ်းကြောင်းအပေါ် အလျင်အမြန် နောက်ပြန်လှည့်ခြင်းသည် ၎င်းတို့ ရပ်တည်နေသည့် အခြေအနေသည် မတည်ငြိမ်ကြောင်း ဖော်ပြနေပြီး တစ်ချိန်တည်းမှာပင် ဒါကာတွင် ကျန်ရှိနေသေးသော တစ်ခုတည်းသော ယုံကြည်စိတ်ချရသည့်အဖွဲ့အစည်းဖြစ်သော တပ်မတော်ကို ဘင်္ဂလားဒေ့ရှ်၏ ဘက်မလိုက်သော အစောင့်အရှောက်အဖြစ် ပုံဖော်နေသည်။ တပ်မတော်က မနှစ်မြို့သည့် “သွေးစွန်းသော စင်္ကြံ” စီမံကိန်းအပေါ် ကြားဖြတ်အစိုးရက သတိထား၍ ပြန်လည်ချိန်ညှိမှုသည် ၎င်းအပေါ် စိတ်ရှည်မှု ကုန်ဆုံးနေပြီဖြစ်သော စစ်တပ်နှင့် ရင်ဆိုင်မှုများကို ရှောင်ရှားလိုသည့် ဆန္ဒကိုလည်း ပြသနေခဲ့သည်။
Ref , India Today