
၂၂.၅. ၂၀၂၅
Written by Hey Mar
ထရန်စဖော်မာပုံးပေါ်ကနေ အမျိုးသားတစ်ဦး ဓာတ်လိုက်ကာ ပြုတ်ကျတာကြောင့် ခန္ဓာကိုယ် အပေါ်ပိုင်းလောင်ကျွမ်းဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က မေလ ၂၁ ရက် နေ့လယ် နှစ်နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီပေးခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က စစ်ကိုင်းမြို့အထွက်နား ရွှေပြည့်စုံဆီဆိုင်ဝင်းအတွင်းက ထရန်စဖော်မာပုံးပေါ် တက်ရောက်ကာ လျှပ်စစ်မီး လိုင်းပြုပြင်စဉ် မီးလာတဲ့အတွက် ဓာတ်လိုက်ပြုတ်ကျကာ ဒဏ်ရာတွေရရှိခဲ့တာလို့ သိရပါတယ်။ ဓာတ်လိုက်ကာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့သူက စစ်ကိုင်းမြို့၊ စီတီးရပ် နေ သူ ၄၈ နှစ်အရွယ် အမျိုးသားလို့ သိရှိရပါပြီး မြေပြင်အကူအညီ သွားရောက် ဆောင်ရွက် ပေးခဲ့တဲ့ အိုးဘို Reuse မှ တာဝန်ရှိသူက “သူက လျှပ်စစ်ဝန်ထမ်းပဲဗျ။ မူးလည်းမူးနေတော့ သူ့ ထရန်စဖော်မာပုံးကို သေချာ မီးလာ မလာ မစစ်ဘူးထင်ပါတယ်။ ဒဏ်ရာကတော့ များပေမယ့် အသက်တော့မသေပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ဓာတ်လိုက်ကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ လူနာကို အိုးဘို Rescue အသင်းမှ သူနာတင်ယာဉ်နဲ့ စစ်ကိုင်းဆေးရုံကြီး ပြင်ပလူနာဌာနဆီ ပို့ဆောင်ပေးခဲ့ကာ ဆေးရုံတက်ရောက်ကုသနိုင်ရေးဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
