
၂၂.၅. ၂၀၂၅
Translated by Thettant
အသက် ၁၂ နှစ်အောက်ကလေးငယ်တစ်ဦးကို မဖွယ်မရာပြုကျင့်သူနှင့် မသန်စွမ်းတစ်ဦးကို လိင်ပိုင်းဆိုင်ရာပြုကျင့်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်နှစ်ဦးအပါအဝင် လူရှစ်ဦးကို အမေရိကန်နိုင်ငံက မြန်မာ့နိုင်ငံရေးပဋိပက္ခထက် နိုင်ငံရေးအကျပ်အတည်း ပိုမိုပြင်းထန်နေသော တောင်ဆူဒန်သို့ မေလ ၂၀ ရက်တွင် ပြည်နှင်ဒဏ်ပေးလိုက်သည်။
အမေရိကန်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးဌာန (DHS) အရာရှိများက မေလ ၂၀ ရက်နေ့တွင် တောင်ဆူဒန်သို့ အထူးလေယာဉ်ဖြင့် လူ ၈ ဦးကို ပို့ဆောင်ခဲ့ပြီး ၎င်းတို့အားလုံးသည် အမေရိကန်ပြည်ထောင်စုတွင် မုဒိမ်းမှု၊ လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှု စသည့် ပြင်းထန်သော ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများဖြစ်ပြီး ပို့ဆောင်ခံရသည့် စာရင်းတွင် မြန်မာနှစ်ဦးအပြင် ကျူးဘားနှစ်ဦး၊ ဗီယက်နမ်တစ်ဦး၊ လာအိုတစ်ဦး၊ တောင်ဆူဒန်မှ တစ်ဦးနှင့် မက္ကဆီကိုနိုင်ငံသားတစ်ဦးတို့ပါဝင်ကာ ထိုသူများအနက် ခုနစ်ဦးကို မိခင်နိုင်ငံသို့ ပြန်မပို့ဘဲ တခြားသော နိုင်ငံတစ်ခုထံ ပြည်နှင်ဒဏ်ပေးမှုအပေါ် ကန့်ကွက်မှုများလည်း ရှိနေသည်။

အဆိုပါ ဖြစ်စဉ်တွင် တောင်ဆူဒန်သို့ ပို့ဆောင်ခံရသူများမှ အိုင်အိုဝါပြည်နယ် နေထိုင်သူ မြန်မာဒုက္ခသည် ကျော်မြသည် ၂၀၁၉ ခုနှစ်တွင် အသက် ၁၂ နှစ်အောက် ကလေးငယ်တစ်ဦးနှင့် မဖွယ်မရာပြုလုပ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး လေးနှစ်အကြာတွင် အကျယ်ချုပ်လွတ်ငြိမ်းခွင့် ရရှိခဲ့သည်။
ထိုအချိန်မှစ၍ ကျော်မြသည် ၎င်း၏အမှုကို ပယ်ဖျက်ရန် အယူခံလွှာများစွာ တင်သွင်းခဲ့ပြီး၊ ၎င်း၏အမှုတွင် အယူခံသဘောတူညီချက်ကို လက်ခံခြင်းသည် ၎င်း၏လူဝင်မှုကြီးကြပ်ရေး အခြေအနေကို မေးခွန်းထုတ်စရာ ဖြစ်စေမည်ကို ရှင်းလင်းစွာ မသိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ ထို့အတွက် မြန်မာဒုက္ခသည်တစ်ဦးဖြစ်သည့် ကျော်မြသည် ၎င်း၏ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည်အထိ နယ်နှင်ဒဏ်မှ ကာကွယ်မှု ရရှိခဲ့သည်။ သို့သော် ကျော်မြ၏ ရှေ့နေတစ်ဦးက တရားရုံးတင်သွင်းမှုတွင် ၂၀၂၅ ခုနှစ် မတ်လက ကျော်မြနှင့် ဆက်သွယ်မှု ပြတ်တောက်သွားကြောင်း ရေးသားခဲ့သည်။ အိုင်အိုဝါဒေတာဘေ့စ်ရှိ ကျော်မြ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ မှတ်ပုံတင်တွင် ကျော်မြသည် ဧပြီလ ၁၈ ရက်နေ့အထိ တက္ကဆက်ပြည်နယ် Pearsall ရှိ ICE ထိန်းသိမ်းရေးစခန်းတွင် ရှိနေကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံသားတစ်ဦးကို တောင်ဆူဒန်ကို ပို့ဆောင်ခံရတာ ထူးဆန်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့၊ ဘာသာစကားမပြောတတ်တဲ့ နေရာကို နယ်နှင်ဒဏ် ပေးလို့ရတယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ ဒါပေမယ့် ဒါက ဒီမှာ ဖြစ်နေတာပဲလို့ ထင်ရပါတယ်” ဟု ကျော်မြ၏ရှေ့နေ ခရစ္စတိုဖာ ကလော့ဆန်က ဆိုသည်။
ထို့အတူ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းမရှိသော သားကောင်တစ်ဦးအား အပြင်းထန်ဆုံးလိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရသည့် ညိုမြင့်ဆိုသူ မြန်မာဒုက္ခသည်တစ်ဦးကိုလည်း တောင်ဆူဒန်သို့ ပို့လိုက်ကာ ညိုမြင့်၏ ပြစ်မှုတွင် မိသားစုဝင်မဟုတ်သူအား ပြင်းထန်စွာ တိုက်ခိုက်မှု စွဲချက်လည်း ပါဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ICE(Immigration and Customs Enforcement) က ဖမ်းဆီးခဲ့သည်ဟု ဖော်ပြခဲ့သည်။
Ref , USA Today
