
၂၂. ၅. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံ၊ အန္ဒရာပရာဒေ့ရှ်ပြည်နယ်၊ အန္နကပလီခရိုင်တွင် နှစ်နှစ်ကြာ လည်ပတ်နေသည့် မြန်မာနှင့် ကမ္ဘောဒီးယားပုံစံ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းပုံစံ ဆိုက်ဘာရာဇ၀တ်မှုကွန်ရက်တစ်ခုကို ရဲတပ်ဖွဲ့က မေလ ၂၁ ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ထုတ်ခဲ့ပြီး အမျိုးသမီးများအပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
အဆိုပါ ကျားဖြန့်ကွန်ရက်သည် အတ်ချုတပူရမ်အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်အနီးရှိ အဆောက်အအုံခြောက်လုံးခန့်တွင် လှုပ်ရှားနေခြင်းဖြစ်သည်ဟုလည်း အိန္ဒိယရဲတပ်ဖွဲ့က ပြောခဲ့သည်။
◾️ လုပ်ငန်းပုံစံနှင့် ပစ်မှတ်များ
ကျားဖြန့်ဂိုဏ်းမှ ဖမ်းဆီးခံရသူများသည် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် အခြားနိုင်ငံများရှိ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ထို့အပြင် နိုင်ငံခြားသားများအား လိမ်လည် လှည့်ဖြားရန်အတွက် ထူးခြားသော အင်္ဂလိပ်စကားပြောဟန်ရှိသည့် လူငယ်များကို သီးခြားခန့်ထားကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသူများသည် အွန်လိုင်းခေါ်ဆိုလိမ်လည်မှုစင်တာ (Call centre) များကဲ့သို့ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည်ဟု သိရသည်။
◾️ စုံစမ်းစစ်ဆေးမှု အသေးစိတ်
အိန္ဒိယရဲတပ်ဖွဲ့၏ ပထမဆုံးအကြိမ် ဆိုက်ဘာရာဇ၀တ်မှုနှိမ်နင်းရေး စစ်ဆင်ရေးကို လေးလကြာ စောင့်ကြည့်ပြီးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဆိုင်းဘုတ်မရှိသည့် အဆောက်အအုံများစွာတွင် ဖြန့်ကျက်ထားသော ရုံးခန်းများနှင့် ဝန်ထမ်းများမှာမူ အန္ဒရာပရာဒေ့ရှ်ပြည်နယ်ပြင်ပ၊ အများအားဖြင့် အရှေ့မြောက်ပိုင်းပြည်နယ်များမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည်။
ဖမ်းဆီးခံရသူ ဝန်ထမ်းအများအပြားကမူ ၎င်းတို့သည် လိမ်လည်မှုအကြောင်း မသိကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်ခန့်ကမှ အလုပ်ဝင်ခဲ့ပြီး “ဝန်ထမ်းအလုပ်သင်” ကာလတွင်သာ ရှိသေးကြောင်း ငြင်းဆိုခဲ့ကြသည်။ ထို့အတူ ရဲတပ်ဖွဲ့ကလည်း အဓိက ဂိုဏ်းခေါင်းဆောင်ကို မဖော်ထုတ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
◾️ လုပ်ခလစာနှင့် အခန်းကဏ္ဍများ
ကနဦးစုံစမ်းစစ်ဆေးမှုများအရ ဖမ်းဆီးခံရသော ဝန်ထမ်းများသည် လစဉ်လစာ ရူပီး ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိဖြင့် ဆွဲဆောင်ခံခဲ့ရသည်။ ထိုလုပ်ငန်းအပေါ် ဒေသခံတစ်ဦးက”ကျွန်တော်တို့က တယ်လီဖုန်းစင်တာလို့ ထင်ခဲ့တာ။ သူတို့အများစုက ဖုန်းတွေပဲ အမြဲပြောနေကြပြီး တိုက်ခန်းတွေမှာ ကွန်ပျူတာတွေ အများကြီးရှိတယ်” ဟု ပြောခဲ့သည်။
အိန္ဒိယရဲတပ်ဖွဲ့ကမူ စုံစမ်းစစ်ဆေးမှု သတင်းရင်းမြစ်များအရ သံသယရှိသူများအကြား ကဏ္ဍသုံးမျိုးကို ဖော်ထုတ်ခဲ့သည်။ အချို့က ငွေအပ်နှံမှုများကို စီမံခန့်ခွဲသည့် ဘဏ်လုပ်ငန်းရှင်များအဖြစ် ဆောင်ရွက်ပြီး၊ အချို့က ငွေပေးငွေယူများကို ကိုင်တွယ်ကာ၊ ကျန်သူများက နိုင်ငံခြားသားများကို တိုက်ရိုက်လှည့်ဖြားမှုတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး လက်ရှိတွင် အဆိုပါ ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသားများ ပါဝင်ပတ်သက်မှုရှိ မရှိနှင့် ဂိုဏ်းခေါင်းဆောင်ကို ဖော်ထုတ် ဖမ်းဆီးရမိရန် ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Ref , ToI
