
၂၁.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ ဖုန်းနဲ့ မေလ ၁၉ ရက်က ဆက်သွယ်ပြောကြားခဲ့ကြပြီးတဲ့နောက် မေလ ၂၀ ရက်မှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ရုရှားဟာ ယူကရိန်းစစ်ပွဲကို ကြာရှည်စေဖို့ အချိန်ဆွဲဖို့ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
ဇယ်လန်စကီးက ဖင်လန်နိုင်ငံသမ္မတ အလက်ဇန်းဒါး စတပ်နဲ့ ဖုန်းဆက်သွယ်ပြောခဲ့ပြီးနောက် ထုတ် ပြန်တဲ့ ကြေညာချက်မှာ ခုလိုပြောခဲ့တာပါပဲ။သူက မေလ ၁၉ ရက်ကလည်း အမေရိကန်သမ္မတထရန့်နဲ့ ဖုန်းဖြင့်ဆက်သွယ်ပြောခဲ့ကြပါသေးတယ်။
ဇယ်လန်စကီးက X လူမှုကွန်ရက်မှာ “ရုရှားဟာအချိန်ဆွဲပြီး စစ်ပွဲကြာရှည်ဖို့ကြိုးစားနေတာ မြင်သာပါတယ်။ ရုရှားတွေအဖို့ သူတို့အပြုအမူတွေကို ပြောင်းဖို့ လိုပါလိမ့်မယ်”လို့ ရေးခဲ့ပါတယ်။
ဇယ်လန်စကီးက ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေပြဌာန်းခဲ့ပြီး စစ်ပွဲရပ်ဆိုင်းကာ ညှိနှိုင်းဆွေးနွေးမှု စားပွဲပေါ်လာကြဖို့ ဖိအားပေးနေတဲ့ မိတ်ဖက်နိုင်ငံတွေကို ကျေးဇူးတင်တယ်လို့လည်း ပြောခဲ့ပါတယ်။
သူက “ငြိမ်းချမ်းရေးစားပွဲမှာ ရှင်းလင်းပြီးလက်တွေ့ကျတဲ့ အဆိုပြုချက်တွေရှိပါတယ်။ ယူကရိန်းဘက်က ဘယ်လို ထိရောက်တဲ့ ညှိနှိုင်းဆွေးနွေးမှုပုံစံအတွက်မဆို အဆင်သင့်ပါ။တကယ်လို့ လက်တွေ့မကျတဲ့ အခြေအနေအတိုင်း ရှေ့ဆက်သွားပြီး ဖြစ်နိုင်ဖွယ်ရလဒ်တွေကို ပျက်ပြားစေမယ်ဆိုရင်ပြင်းထန်တဲ့နောက် ဆက်တွဲဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်”လို့ ပြောခဲ့ပါသေးတယ်။
ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ၂၀၂၂ ခုနှစ်ကစလို့ ပထမဆုံးတိုက်ရိုက်ညှိနှိုင်းတွေ့ဆုံမှုကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ မေလ ၁၆ ရက်က ပြုလုပ်ခဲ့ပြီး စစ်သုံပန်း ၁,၀၀၀ စီလဲလှယ်ကြဖို့ သဘောတူခဲ့ပါတယ်။
Ref- Kyiv Independent
