
၂၁. ၅. ၂၀၂၅
Written by Nay Moe
NUG သည် တရား၀င်အစိုးရအဖြစ် အသိအမှတ်ပြုမခံရသလို ယင်းတို့၏လက်နက်ကိုင်တပ် PDF ကိုလည်း သူပုန်အဆင့်သာ ကမ္ဘာက သတ်မှတ်ထားသောကြောင့် အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်က အိန္ဒိယဘက်ခြမ်းသို့ တိုက်ပွဲဖော်ဆောင်လှုပ်ရှားလာသောကြောင့် တိုက်ပွဲဖြစ်ပွားပြီး တမူးပကဖ ၁၀ ဦး သေဆုံးသည်ဆိုသောဖြစ်ရပ်မှာ မြေပြင်ဖြစ်ရပ်နှင့် ကွဲလွဲခဲ့သည်ဟု NUG က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက်အခြမ်းတွင် ယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေသော တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ (ပကဖ) ရဲဘော် (၁၀) ဦးစလုံးသည် ၁၄.၅.၂၀၂၅ ရက်နေ့ ၌ စခန်းမှ ပျောက်ဆုံးသွားပြီး အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲဖြစ်သည့် Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်) ထံမှ ၁၆.၅.၂၀၂၅ ရက်နေ့တွင် ရုပ်အလောင်း (၁၀) လောင်း အနေဖြင့် ညှိနှိင်း တောင်းဆိုလက်ခံရရှိခဲ့သည်။
NUG တာဝန်ရှိသူများအနေဖြင့် ပျောက်ဆုံးသည်ဟု သိရသည့် အချိန်မှ (က) ၂၄ နာရီ အတွင်း ပျောက်ဆုံး/ သေဆုံးမှုအား အတည်ပြုချက်ရယူရေးနှင့် ပျောက်ဆုံးသူ/ ရုပ်အလောင်းများ ပြန်လည်ရရှိရေး၊ (ခ) ၇ ရက်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားဝင် သတင်းထုတ်ပြန်နိုင်ရေး၊ (ဂ) နောက်ဆက်တွဲလုပ်ငန်းများ ဆောင်ရွက်ရေး စသည့် လုပ်ငန်းများအား အိန္ဒိယနိုင်ငံနှင့် စပ်လျဉ်းသော ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ရန် အထူးဖွဲစည်းထားသည့် Task Force for India အနေဖြင့် ဆောင်ရွက်ခဲ့ရပြီး ကနဦး မြေပြင် အခြေအနေ ကြားနာစစ်ဆေးမှု အစီရင်ခံစာ တွေ့ရှိချက်များအရ အိန္ဒိယအစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိင်းဆောင်ရွက်ရာ မြေပြင်အခြေအနေ စစ်ဆေးမှုများ၊ အစီရင်ခံစာ တွေ့ရှိချက်များ၊ ဆွေးနွေးတွေ့ရှိချက်များအရ ဖြစ်စဉ်အမှန်သည် အိန္ဒိယနိုင်ငံမီဒီယာများမှ ထုတ်ပြန်ချက်များနှင့် ကွဲလွဲနေပြီး တမူး ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) (၁၀) ဦးမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ သေဆုံးခြင်းမဟုတ်ဘဲ၊ ယာယီစခန်းရွှေ့ပြောင်းမှုအား သတင်းကြိုတင်ပေးပိုထားသည့်ကြားကပင် Assam Rifles ( တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်)၏ အကြောင်းပြချက်မခိုင်လုံစွာဖြင့် ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံရသည်ဟု သုံးသပ်တွေ့ရှိရသည်ဟု NUG က ပြောသည်။
အလောင်းများ ပြန်လည်တောင်းခံယူရာတွင်လည်း (က) ပကဖများမှ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်သောကြောင့် နှိမ်နင်းခြင်းခံရကြောင်း၊ (ခ) နောက်နောင် နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုအား မကန့်ကွက်ရန် သဘောတူပါကြောင်း စသည့် အချက်များအား မြန်မာဘက်မှ လာရောက်သည့် တာဝန်ခံများ အား ခေါ်ယူထားကာ ဖိအားပေးလက်မှတ်ထိုးစေပြီးမှ လွှဲပြောင်းပေးကြောင်း သိရှိရသည်ဟုလည်း NUG ပြောသည်။
ထို စိစစ်တွေ့ရှိချက်များအပေါ်အခြေခံလျက် အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် (က) အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်၊ (ခ) အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေး ယူ ဖြေရှင်းပေးရန်၊ (ဂ) နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး၊ နစ်နာသူ မိသားစုများအား နစ်နာကြေးပေးဆောင်ရန်၊ (ဃ) နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန်၊ (င) နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တစ်ဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားခြင်းဖြင့် ယခုကဲ့သို ဖြစ်စဉ်များအား ရှောင်လွှဲရန် တောင်းဆိုထားပြီး ထိုသို့မလုပ်ဘဲ အမှုမှန်မပေါ်ပေါက်ခဲ့ပါ နောက်နောင်ဖြစ်ပေါ်လာမည်ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရန် ခက်မည်ဟုလည်း NUG က အိန္ဒိယအစိုးရကို သတိပေးထားသည်။
