
၂၁.၅.၂၀၂၅
Written by Nyein Kyaw
မြန်မာ့ပေါ်ဆန်းဆန်ကို ခေတ်မီထုပ်ပိုးမှုပုံစံများဖြင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။
”Myanmar Pawsan Rice Foundation ကို ဖွဲ့စည်းတည်ထောင်ပြီး၊ စိုက်ပျိုးသူများ အပါအဝင် ကုန်သည်၊ စက်ပိုင် အားလုံး ပါဝင်တဲ့ One Community တစ်ခုအဖြစ် စုဖွဲ့ပြီး မျိုးကောင်းမျိုးသန့်မှစပြီး သုတေသန အပါအဝင် အရောအနှောကင်းပြီး၊ ပစ္စည်းမှန်၊ အရည်အသွေးမှန်၊ စျေးနှုန်းမှန်တဲ့ မြန်မာပေါ်ဆန်းမွှေး (Fragrant Rice) အဖြစ် နိုင်ငံတကာစျေးကွက်ကိုပါ ခေတ်မီထုပ်ပိုးမှု ပုံစံများဖြင့် တင်ပို့ ရောင်းချသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းတွင် ယခုမေလအတွက်
ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်အဟောင်းများကို တစ်အိတ် ကျပ် ၁၄၅,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ နှင့် ရွှေပေါ်ဆန်းအသစ်များအတွက် တစ်အိတ် ကျပ် ၁၃၀,၀၀၀ နှင့် ကျပ် ၁၃၅,၀၀၀ သတ်မှတ်ထားသည်။
သို့သော် ပြည်တွင်း လက်လီဈေးကွက်၌ ပေါ်ဆန်းဆန် အမျိုးအစားအပေါ်မူတည်ကာ တစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ ကျော်မှ ကျပ် ၂၂၀,၀၀၀ ဝန်းကျင်အထိရှိကြောင်း လက်လီဆန်အရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန် ၂ သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလျံရရှိခဲ့ကြောင်း သိရသည်။
