
၂၁. ၅. ၂၀၂၅
Translated by Thettant
Elon Musk ၏ SpaceX ကုမ္ပဏီပိုင် ဂြိုဟ်တုအခြေပြု အင်တာနက်ဝန်ဆောင်မှု Starlink သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင်စတင်လွှင့်တင်လိုက်ပြီဖြစ်ပြီး 300 Mbps အထိ မြန်နှုန်းမြင့် အကန့်အသတ်မဲ့ဒေတာများကို ပံ့ပိုးပေးမည်ဖြစ်သည်။
Starlink က အင်္ဂါနေ့တွင် ၎င်း၏ X အကောင့်မှတစ်ဆင့် “Starlink ၏ မြန်နှုန်းမြင့်၊ နှောင့်နှေးကျဆင်းမှု နည်းပါးသော အင်တာနက်ကို ယခုအခါ ဘင်္ဂလားဒေ့ရှ်တွင် ရရှိနိုင်ပါပြီ” ဟု ကြေညာခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်၏ စာတိုက်၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနဆိုင်ရာ အထူးအကြံပေး Faiz Ahmad Taiyeb က ၎င်း၏ Facebook စာမျက်နှာတွင် “Starlink သည် ဘင်္ဂလားဒေ့ရှ်တွင် လုပ်ငန်းများကို တရားဝင်စတင်လိုက်ပြီ” ဟု ရေးသားခဲ့သည်။
Taiyeb က Starlink သည် ဈေးနှုန်းမြင့်သော်လည်း အရည်အသွေးမြင့်အာမခံချက်ရှိသည်ကို အသုံးပြုလိုသူများအတွက် ရေရှည်တည်တံ့သော၊ အရည်အသွေးမြင့်မားသော၊ မြန်နှုန်းမြင့်အင်တာနက်ရွေးချယ်စရာကို ယခုအခါ ပံ့ပိုးပေးနိုင်ပြီဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ထို့အပြင် ဖိုင်ဘာ သို့မဟုတ် မြန်နှုန်းမြင့်အင်တာနက် မရရှိနိုင်သေးသော ဒေသများတွင် ဤဝန်ဆောင်မှုသည် လုပ်ငန်းများ တိုးချဲ့ရန်အတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလွတ်တန်းလုပ်ကိုင်သူများ၊ စွန့်ဦးတီထွင်သူများအတွက် တစ်နှစ်ပတ်လုံး အနှောင့်အယှက်ကင်းမဲ့သော မြန်နှုန်းမြင့်အင်တာနက်ကို ရရှိစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref, Xinhua
