
၂၁. ၅. ၂၀၂၅
Written by Nyein Kyaw
နံပါတ်ပြားအတု၊ လိုင်စင်အတုများ ပြုလုပ်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ စီးနင်းနေမှုများကို ပါဝင်ပတ်သက်နေသူအားလုံးကိုပါ ဖော်ထုတ်အရေးယူရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားသည်။
လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းနေမှုများကိုလည်း ဖော်ထုတ်သွားရန်လိုကြောင်း၊ နံပါတ်ပြားများ အတုပြုလုပ်ခြင်း၊ လိုင်စင်များ အတုပြုလုပ်ခြင်းများ လုပ်ဆောင်နေမှုများကိုတွေ့ရှိရပြီး တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ စီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများစွာ နစ်နာမှုရှိမည်ဖြစ်သကဲ့သို့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပုံစာ- လိုင်စင်မဲ့ဆိုင်ကယ်များကို One Stop Service (OSS) ဖြင့် လိုင်စင်ထုတ်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်း ဆောင်ရွက်ပေးခဲ့မှုနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူခဲ့မှုများကို တွေ့ရစဉ်
