
၂၁.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ယခုအချိန်တွင် ပုံမှန်ဖြစ်ပွားနေသော တုပ်ကွေးရောဂါပိုးထက် ခုနစ်ဆ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ XEC ဗိုင်းရပ်မျိုးကွဲအား ဝန်ကြီးဌာနအနေဖြင့် ကူးစက်မှုမဆိုးဝါးစေရန် ကာကွယ်စောင့်ရှောက်မှုများပြုနေကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဆွမ်ဆက် သက်ဆူတင်က ဝန်ကြီးဌာနအနေဖြင့် ရောဂါကြောင့် ထိခိုက်လွယ်စေမည့် အုပ်စုများနှင့် ကျောင်းများတွင် ဗိုင်းရပ်ပျံ့နှံ့မှုကို စောင့်ကြည့်ရန် အလေးထား ဆောင်ရွက်နေကြောင်းလည်း ပြောခဲ့သည်။

ဝန်ကြီးက ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှစပြီး ရောဂါထိန်းချုပ်ရေးဆောင်ရွက်ချက်များ အကောင်အထည်ဖော်မည့် ၂၁ ပတ်ကြာကာလကို တရားဝင် စတင်ဆောင်ရွက်ခဲ့ကြောင်းလည်း ပြောခဲ့သည်။ ထိုင်းနိုင်ငံတွင် XEC ဗိုင်းရပ်မျိုးကွဲ ကူးစက်ခံရသူ ၁၀၈,၈၉၁ ဦးရှိခဲ့ပြီး ၂၇ ဦးသေဆုံးခဲ့ကြောင်းလည်း ဝန်ကြီးဌာနကပြောခဲ့သည်။
XEC ဗိုင်းရပ် ကူးစက်ခံရပြီးနောက် သေဆုံးခဲ့ရသူများတွင် အများစုဖြစ်သော ၈၀ ရာခိုင်နှုန်းက သက်ကြီးရွယ်အိုများဖြစ်ကြပြီး ကလေးငယ်များတွင်လည်း ဗိုင်းရပ်ကူးစက်မှုခံရကြောင်း သိရသည်။ XEC ဗိုင်းရပ်မျိုးကွဲက အိုမီခရွန် ဗိုင်းရပ်မျိုးကွဲမှ ဆင်းသက်လာခြင်းဖြစ်ကြောင်းလည်းသိရသည်။
XEC ဗိုင်းရပ်မျိုးကွဲကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားခဲ့ပါက ရောဂါမှာအထူးပြင်းထန်ခြင်းမရှိသော်လည်း လျင်မြန်စွာကူးစက်ပျံ့နှံ့နိုင်မှုကြောင့် ခံနိုင်ရည်မရှိသူများအတွက် ကြီးမားစွာစိုးရိမ်ရသည်။ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးရမှုနည်းသော်လည်း ကျန်းမာရေးအာဏာပိုင်များက ကြိုတင်ကာကွယ်ခြင်း၏ အရေးကြီးမှုများကို အလေးထားပြောခဲ့ကြသည်။
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ကျောင်းသူကျောင်းသားများအကြား ကိုဗစ်ဗိုင်းရပ် ကူးစက်ခံရမှုများအား သေချာစွာစောင့်ကြည့်ရန် ကျောင်းများအား တိုက်တွန်းထားသည်။
Ref- Bangkok Post
