၁၉. ၅. ၂၀၂၅
Written by Thiri
မြေပြိုမှုကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီး-လွိုင်လင်လမ်းပိုင်းတချို့ကို ညအချိန်မှာ လမ်းပြုပြင်ဖို့ ခေတ္တပိတ်ထားမယ်လို့ တောင်ကြီး-လွိုင်လင် ကုန်ပစ္စည်းနဲ့ ခရီးသည်ဝန်ဆောင်မှုပေးနေတဲ့ ယာဉ်လိုင်းတချို့ထံကနေ စုံစမ်းသိရှိရပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟိုပုံးနဲ့ မိုင်းပွန်ကြားရှိ နောင်ခါးကျေးရွာ-ထမ်ဆန်းဂူ-လွယ်ဝိုးတုတ် ကြား(၆) မိုင်ရှိတဲ့လမ်းပိုင်းမှာ မြေပြိုမှုဖြစ်ပေါ်နေတဲ့အတွက် တောင်ကြီး-လွိုင်လင် ပြည်ထောင်စုလမ်းမ ဟိုပုံးနဲ့ မိုင်းပွန်ကြား လမ်းပိုင်းကို ပြန်လည်ပြုပြင်မှာ ဖြစ်တဲ့အတွက် လာမယ့် ၂၀၂၅-ခုနှစ်၊ မေလ(၂၀) ရက်နေ့မှ ဇွန်လ(၃) ရက်နေ့အထိ ညနေ ၁၀ နာရီမှ နံနက် ၄ နာရီအထိ (၁၅) ရက် ခေတ္တပိတ်ထားမယ်လို့ သိရပါတယ်။
တောင်ကြီး-လွိုင်လင် ပြေးဆွဲနေတဲ့ သက်တန့်ခရီးသည်ဝန်ဆောင်မှုမှ တာဝန်ရှိသူက “အခုထိတော့ အရမ်းဆိုးရွားတာမျိုးမဟုတ်သေးပါဘူး။ သွားတော့ သွားနေကြပါတယ်။ ညဘက်ပိတ်မှာမို့ ခရီးသွားကြန့်ကြာတာမျိုးဖြစ်ဖို့မရှိနိုင်ပါဘူး။ အဲ့ဒီလမ်းပိုင်းက မနှစ်ကး ကိုးလပိုင်းမှာ မုန်တိုင်းမှာတော့ အတော်ထိသွားတယ်။ ဟိုအရင်ကတော့ မနှစ်ကလောက် ဆိုးတာမျိုးမရှိပါဘူး။ မနှစ်က အတော်ဆိုးခဲ့တာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ဒေသရှိ လမ်းပိုင်းနေရာတချို့မှာ မိုးရာသီတိုင်း လမ်းပျက်စီးနေကြ ဖြစ်သလို မနှစ်က မိုးရာသီမှာလည်း တောင်ကြီး-လွိုင်လင်လမ်း ရေကြီးမြေပြိုလို့ ကုန်ကားတချို့ ချောက်ထဲကျ ထိခိုက်ပျက်စီးခဲ့သလို အသေအပျောက်တော့ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။





