၁၉.၅.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့မှာ မေလ ၁၈ ရက် နံနက်ပိုင်းက အဆောက်အအုံတစ်ခုအတွင်း လျှပ်စီးပတ်လမ်းပြတ်တောက်ပြီး မီးလောင်မှုဖြစ်ရာမှာ အနည်းဆုံး လူ ၁၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
တောင်တယ်လန်ဂါနာပြည်နယ်အတွင်း အရေးပေါ် မီးဘေးတုံ့ပြန်ရေးနှင့် မြို့ပြကာကွယ်ရေးဦးစီးဌာနက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာ သူတို့ထံကို မေလ ၁၈ ရက် နံနက် ၆ နာရီလောက်မှာ မီးလောင်နေတယ်လို့ ဖုန်းနဲ့ အကြောင်းကြားချက်ကို လက်ခံရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ကြေညာချက်မှာ မီးကမြေညီထပ်မှာ စတင်လောင်ကျွမ်းပြီး အထက်အထပ်တွေကို ကူးစက်ခဲ့ခြင်းဖြစ်ကာ မီးငြှိမ်းသတ်မှု၊ ရှာဖွေမှု၊ ကယ်ဆယ်မှုလုပ်ငန်းတွေကို အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ မီးလောင်မှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ အသက်ငါးနှစ်အရွယ် ကလေးငယ်ခြောက်ဦးအပါအဝင် လူ ၁၇ ဦးရဲ့ အမည်တွေကိုလည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
မီးလောင်ရာနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ သတ္တုတွင်းဝန်ကြီး ဂျီကီရှန်ရက်ဒီက ရှေ့ပြေးစုံစမ်းစစ်ဆေးမှုတွေအရတော့ လျှပ်စီးပတ်လမ်းပြတ်ရာက မီးစတင်လောင်ကျွမ်းတာလို့ သိရတယ်ဆိုတာ မီဒီယာတွေကိုပြောခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း ဤဖြစ်ရပ်အတွက် အလွန်အမင်းဝမ်းနည်းပူဆွေးမိပါတယ်လို့ ပြောခဲ့ပြီး သေဆုံးသူတို့ရဲ့ မိသားစု ဆွေမျိုးသားချင်းတွေကို လျော်ကြေးငွေ ရူပီး ၂၀၀,၀၀၀ (အမေရိ ကန်ဒေါ်လာ ၂,၃၀၀ ခန့်) စီ ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ မိုဒီက ဟိုက်ဒရာဘတ်မြို့မီးလောင်မှုမှာ သေဆုံးရသူတွေအတွက် အထူးကို မချိတင်ကဲခံစားရတယ်လို့လည်းကြေညာချက် ထုတ်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်း မကြာခင် ပြန်လည်နေကောင်းကြဖို့ဆုတောင်းတယ်လို့ မိုဒီက ပြောခဲ့ပါသေးတယ်။
ဆောက်လုပ်ရေးအလေ့အထတွေညံ့ဖျင်းမှု၊ လူနေထူထပ်မှုနဲ့ လုံခြုံစိတ်ချရမှုစည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်မှု အားနည်းတာတွေကြောင့် အိန္ဒိယနိုင်ငံမှာ မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်။
ဧပြီလအတွင်းကလည်း ကိုလ်ကတ္တားမြို့မှာ ဟိုတယ်တစ်ခုမီးလောင်လို့ လူ ၁၅ ဦး သေဆုံးခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းကလည်း အနောက် ဂူဂျာရတ်ပြည်နယ်မှာ အပျော်အားကစားဥယျာဉ်တစ်ခုအတွင်း မီးလောင်ကျွမ်းလို့ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ရပါတယ်။
Ref- CNA



